စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ပေါင်ဂဒေါင်ချောင်း ရေကြီးမှုကြောင့် တန့်ဆည်-ကျွန်းလှ ကားလမ်းပေါ်ရှိ ချောင်းကူးတံတား မျောပါပျက်စီးသွားသဖြင့် ဒေေပြည်သူ ၃သောင်းထက်မနည်း သွားလာရေး အခက်အခဲရှိနေကြောင်း သိရသည်။

အောက်တိုဘာလ ၁၂ရက်နေ့ ညပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်ဂဒေါင်ချောင်းကူးတံတား၏ ထောက်တိုင်ကြီး ၃တိုင်နှင့် တံတားကြမ်းခင်းများ ရေစီးနှင့်အတူ မြောပါပျက်စီးခဲ့ပြီး တန့်ဆည်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများ သွားလာရေး ခက်ခဲလျက်ရှိနေကြောင်း အဆိုပါ တံတားတာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အဲ့တံတားကြီးက ချောင်းရေကြီးတိုင်း ပျက်စီးလို့ ကျနော်တို့တွေ ကိုယ်ထူကိုယ်ထ ရန်ပုံငွေကောက်ပြီး ပြင်နေရတာ။ ဒီနှစ်ထဲမှာ ကွန်ကရစ်တိုင်နဲ့ သစ်သားတိုင်တွေ ရောပြီး ထပ်ဖြည့်ပြင်ထားခဲ့တာ အဲ့ထဲကမှ ထောက်တိုင်ကြီး ၃တိုင်က ရေထဲမျောပါသွားတာ။ ရေမကျမချင်းတော့ ဒီတံတားကို အားကိုးနေရတဲ့ရွာတွေ သွားလာလို့ မရသေးပါဘူး” ဟု ပြောသည်။

တံတားထောက်တိုင်များ၊ ကြမ်းခင်းများအပြင် တံတားချဉ်းကပ်လမ်းမှ မြေသားများပါ ရေစီးနောက် မြောပါသွားသဖြင့် တံတား၏ ၅၀ရာခိုင်နှုန်းခန့် ပျက်စီး ဆုံးရှုံးခဲ့ရပြီး ပြန်လည်ပြုပြင်ရန် ငွေကြေးအခက်အခဲရှိနေကြောင်း၊ ချောင်းရေကျချိန်မှ ပြင်ဆင်ရန် ကိုယ်ထူကိုယ်ထ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါတံတားပျက်စီးသွားမှုကြောင့် တန့်ဆည်-ကျွန်းလှ လမ်းမပေါ်ရှိ ပုတီး၊ ဆည်းသာ၊ နနွင်းတော၊ ကမ်းဖြူ၊ ဝက်တိုး၊ သာဂေါင်ကြီး၊ အောင်သာယာ၊ ထန်းကုန်းကြီး၊ ပေချောင်၊ အောင်စွာ အစရှိသည့် ကျေးရွာများ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။မိုးကြီးရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများကပြောဆိုသည်။

” မြေပြိုပြီး လမ်းတွေလည်း ပျက်စီးသွားတယ်။ အဓိကဖြစ်တာက အမှတ် ၃ ရပ်ကွပ်နဲ့ အမှတ် ၁ ရပ်ကွက်မှာ လမ်းပိုင်းတွေ တော်တော် ပျက်စီးသွားပြီး နေအိမ် တချို့ထဲ မျောပါသွားတယ်။ အကူအညီတွေ လိုအပ်နေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့အပြင် မန္တလေးမြို့ ထဲက အဓိက လမ်းမကြီးတွေဖြစ်တဲ့ ၆၂ လမ်း ၊ ၃၅ လမ်း ၊ သိပ္ပံလမ်း၊ ၈၄လမ်း၊ ၇၃လမ်း၊ ၇၈ လမ်းနဲ့ မနော်ဟရီလမ်းမကြီးတွေမှာ ရေလွှမ်းခဲ့တာပါ လို့ ဒိုင်းမွန်းပလာဇာ အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။ အောင်မြေသာစံ ၊ ချမ်းမြသာစည် ၊မဟာအောင်မြေ ၊ ချမ်းအေးသာစံ နဲ့ ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်အချို့မှာလည်း ရေဝင်နေတယ်လို့ သိရပါတယ်။

Hits: 5

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed