ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကိုက်ထိပ်စခန်းကို ယနေ့နံနက် (ဇန်နဝါရီ ၂၉ ရက်) တွင် ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောခွင့်ရအရာရှိထံမှ သိရသည်။ ထိုစခန်းသည် မံစီမြို့၏ အရှေ့တောင်ဘက် ၂၆ မိုင်ခန့်အကွာတွင်ရှိသည့်၊ KIA တပ်များ သိမ်းပိုက်ထားသည့် မန်ဝိန်းကြီးရွာနှင့် ၂၁ မိုင်သာ ကွာဝေးသည့် အဆိုပါ စခန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ KIA နှင့် ကချင်ဒေသကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဖြစ်တာကတော့ မနေ့ကစဖြစ်တာ အပြီးအပိုင် သိမ်းနိုင်တာကတော့ ဒီမနက် ၉ နာရီခွဲ အချိန်လောက်မှာ အားလုံးနယ်မြေရှင်းလင်းရေးလုပ်နိုင်တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “ကာကင်းစခန်းနဲ့ ပင်မစခန်းနှစ်ခု တည်ထားတာရှိပါတယ်၊ အဲဒီစခန်းနှစ်ခုလုံးကို သိမ်းလိုက်နိုင်ပါတယ်”

ထိုစခန်းသည် ကချင်ပြည်နယ် မံစီမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တို့ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီးပေါ်တွင်ရှိပြီး ဗျူဟာအရ အရေးပါသည့် စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။ ဗန်းမော်နှင့် ၁၀ မိုင်ခန့်သာ ဝေးကွာသည့် မံစီမြို့ရှိ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မြေပြင်သတင်းများ မရရှိသေးသည့်အတွက် အတည်မပြုနိုင်သေးဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကိုက်ထိပ်စခန်းနှင့် ၂၁ မိုင်ခန့်ဝေးသည့် ရှမ်း-ကချင်နယ်စပ်မျဉ်းအနီးရှိ မန်ဝိန်းကြီးရဲစခန်းနှင့် စစ်တပ်စခန်းကိုလည်း ဇန်နဝါရီ ၂၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်၊ စစ်သုံ့ပန်း ၃၀ ကျော် ရရှိထားသည့် အထဲတွင် ဒုတပ်ရင်းမှူး ပါဝင်သည်၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

သိမ်းပိုက်ထားသည့် မန်ဝိန်းကြီးနယ်မြေကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ သွား ရောက်စစ်ဆေးခဲ့သည်။ ယမန်နေ့ မွန်းလွဲပိုင်းကလည်း တနိုင်းမြို့နယ် တရူကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ စခန်းတစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA က အတည်ပြုထားသည်။

အဆိုပါ စခန်းကို လွန်ခဲ့သည့် ရက်အနည်းငယ်က စတင်ကာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီ လေတပ်က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ “တရူစခန်းက နှစ်နေရာရှိတယ်၊ စခန်းတစ်ခုကိုတော့ လွန်ခဲ့တဲ့ တစ်လလောက်က သိမ်းတာဖြစ်တယ်၊ ကျန်တဲ့ ပင်မစခန်းကိုတော့ သုံးရက်လောက်ရှိနေပြီ ဝိုင်းပစ်တာ၊ ဂျက် (တိုက်လေယာဉ်) တွေလည်း လာခဲ့ပြီးတော့ မနေ့ကပဲ အပြီးအပိုင် သိမ်းရတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်အတွင်းက ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ စစ်ကောင်စီတပ် စွန့်ခွာသွားသည့် စခန်းတစ်ခုကိုလည်း KIA က ဝင်ရောက်ရှင်းလင်း နေရာယူခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလအတွင်း တိုက်ပွဲများ ပြင်းထန်နေသည့် ဖားကန့်တွင် ဝှေခါ တပ်စခန်းကို ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီအလောင်း ၅၀ ကျော် ရရှိခဲ့သည်။

KIA က ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း အမှတ် ၁၂၃ စခန်းကို ဇန်နဝါရီ ၂၄ ရက်တွင် KIA က သိမ်းပိုက်နိုင်ခဲ့သည်။ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချခဲ့သည်။

ထို့အပြင် ရှမ်းမြောက် မဘိမ်းမြို့နယ်ကိုလည်း မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ ဇန်နဝါရီ ၂၁ ရက်တွင် သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် မဟာမိတ်ပူးပေါင်းတပ်များက မဘိမ်းအနီးရှိ မိုးမိတ်မြို့ကို ဝိုင်းဝန်းတိုက်ခိုက်ကာ နယ်မြေအများအပြားကို ရက်အနည်းငယ်ကြာ ထိန်းချုပ်ထားခဲ့သော်လည်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် တပ်ပြန်ဆုတ်ခဲ့သည်။ ထိုသို့ ဆုတ်သွားပြီးနောက် စစ်ကောင်စီတပ်က မြို့ကို ပြန်လည် ထိန်းချုပ်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed