ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းပြီး စစ်ကောင်စီကို တော်လှန်ရန်အချိန်ကောင်းဖြစ်ဟု IKO ပြော ယခုအချိန်ကာလသည် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြန်လည်စုပေါင်းပြီး ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်မှုအောက်တွင်မှ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်သည်ဟု နိုင်ငံတကာ ကရင်အဖွဲ့အစည်း – IKO က ၇၅ နှစ်မြောက် ကရင်အမျိုးသားလှန်ရေးနေ့က ထုတ်ပြန်ချက်တွက် ပါရှိသည်။

ယနေ့ကာလတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်ကို ဗမာ လူမျိုး အပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ခုခံတော်လှန်တိုက်ပွဲဝင်နေသည့် အချိန်ဖြစ်သည့်အတွက် ဗမာစစ်တပ်၏ သွေးခွဲစည်းရုံးခြင်းကြောင့် ဖွဲ့စည်းခဲ့သည့် နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PCနှင့် အခြားကရင်အဖွဲ့ခွဲများအနေဖြင့် ပြန်လည်ပေါင်းစည်းရန် အချိန်ကောင်းဖြစ်သည်ကိုယူဆသည်ဟု KIO ပြောသည်။

KIO ပြောရေးဆိုခွင့်ရှိသူ စောဒေးလယာထူးက “ကျနော်တို့ရန်သူ စစ်ကောင်စီတပ်တွေဟာ အင်အားခချည့်နဲ့ လာနေပြီဆိုတာကို ကျနော်တို့တွေ့နေရတယ်။ အဲဒါကြောင့် ကျနော်တို့ ကရင်လက်နက်ကိုင်တွေအားလုံး ပူးပေါင်းပြီးတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့လက်တွဲကာ အသံတခုထဲအောက်မှာ သွားရင် တကယ့်အင်အားဖြစ်စေလာပါတယ်။ ကျနော်တို့ ကရင်လူမျိုးဖိနှိပ်မှုအောက်ကနေ လွတ်မြောက်နိုင်ဖို့ ပန်းတိုင်ကို ရောက်မှာဖြစ်တယ်။ ပြီးတော့ ဒီအချိန်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်ပေါင်းစည်းနိုင်ရင် တကယ် သမိုင်းကောင်းရမှာဖြစ်မယ်လို့ ကျနော်တို့ KIO က ယူဆတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ရန်သူကိုတိုက်ထုတ်ရန် သဘောထားရှိသည့် KTLA (ကော်သူးလေအာမီ) အနေဖြင့်လည်း KNLA နှင့်ညှိနှိုင်းကာ တစ်ခုတည်းသော စစ်အမိန့်အောက်တွင် ရန်သူကို တိုက်ခိုက်ခြင်းက ပို၍ အကျိုးရှိမည်ဖြစ်ကြောင်းလည်း IKO က အကြံပြုထားသည်။ ကေအဲန်ယူ အနေဖြင့်လည်း နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်ဆက်နွှယ်သည့် ကေအဲန်ယူ ခေါင်း ဆောင်အချို့ကို ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်ခြင်းမရှိပါက သံသယများနှင့် စောင့်ကြည့်ခြင်းခံရ မည်ဖြစ်သည့်အပြင် အဖွဲ့၏ ဂုဏ်သိက္ခာများလည်း ထိခိုက်နေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် အရေးနိမ့်နေကာ တပ်စခန်းအချို့နှင့် မြို့တချို့ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်နိုင်သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ချို့သည် တော်လှန်ရေးပူးပေါင်းတပ်ထံ ခိုလှုံလာကြပြီး ပြည်သူ့အောင်ပွဲနီးလာပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ပြည်သူလူထုများအနေဖြင့် တတ်နိုင်သည့်ဘက်မှ တော်လှန်ရေးတပ်သားများကို ဝန်းရံအားပေးကြရန်ကိုလည်း IKO က တိုက်တွန်းနှိုးဆော်လိုက်သည်။

နိုင်ငံတကာကရင်အဖွဲ့အစည်း IKO သည် အာရှ၊ ပစိဖိတ်၊ ဥရောပ မြောက်အမေရိက စသည့် နိုင်ငံပေါင်း ၃၀ ကျော်မှ ကရင်အဖွဲ့အစည်းများစုပေါင်းကာ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ကရင်အရေးများကိုလည်း လေ့လာစောင့်ကြည့်ကာ သဘောထားအကြံပြုချက်များကို ထုတ်ပြန်လေ့ရှိသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed