စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်၏ ရန်ကြီးအောင် စခန်းအား ယနေ့ (နို၀င်ဘာ ၂၃ ရက်) မနက်ပိုင်းတွင် PDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ်၊ ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ရန်ကြီးအောင်စခန်းကို နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများပြားခဲ့ကာ၊ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှလည် ကျဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

“ ဒီနေ့ မနက် ၁၀နာရီကျော်မှာ ရန်ကြီးအောင်စခန်းကို သိမ်းပိုက်‌‌နိုင်ခဲ့ပါတယ်။ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိပါတယ်။ အတိအကျကို စာရင်းပြုနေတုန်းပါ၊ စစ်တပ်ဘက်ကလဲ အကျအဆုံးများတယ်။ ကျတော် တို့ဘက်မှာလည်း ကျဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရှိပါတယ်။ အသေးစိတ်တော့ပြောလို့မရသေးပါဘူး” ဟု ကလေးမြို့နယ်ပကဖ တာ၀န်ရှိသူတစ်ဦးမှ ပြောသည်။ ကလေးမြို့နယ် ရန်ကြီးအောင်စခန်းအား နို၀င်ဘာ ၂၀ညပိုင်းမှစတင်ကာ PDF ၊ ဒေသကာကွယ်ရေးအဖွဲ့များမှ ဝိုင်း၀န်း တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ၊ Mi35 ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ် လေကြောင်းပစ်ကူပေးခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။

“ ရန်ကြီးအောင်စခန်း သိမ်းပိုက်နိုင်ပြီလို့ သိရပါတယ်။ ကလေးမြို့ထဲ တော့ စစ်ကောင်စီတပ်တွေ ခံစစ်‌‌ပြင်နေကြ တယ်။ အမြှောက်တပ်က လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်လို့ ရှောင်တိမ်းနေကြရတယ်” ဟု ကလေးမြို့ခံတစ်ဦး ကပြောသည်။ ရန်ကြီးအောင်စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီထံမှ MA စီရီး သေနတ်များ၊ ၆၀ မမ စိန်ပြောင်း၊ လက်နက်ကြီး ကျည်များ၊ ကျည်ဆံများကို PDF ပူးပေါင်းတပ်များမှ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးခဲ့ပြီး၊ PDF ပူးပေါင်းတပ်ဘက်မှ ၂ ဦးကျဆုံးကာ၊ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စစ်ကောင်စီ အမြှောက်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးမြို့နယ်မြောက်ပိုင်းရှိ ဒိုးဝိုင်းချောင်း၊ ညောင်တော၊ ငှက်ပျောတာ၊ ပျဉ်ခုံကြီး၊ ပြည်တော်သာ၊ လက်ပံချောင်း ကျေးရွာများရှိ ဒေသခံပြည်သူများသည် မိုးစပါးမရိတ်သိမ်းနိုင်ပဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရပြီး၊ ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာအချို့မှ ဒေသခံများလည်း စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed