စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း ယမန်နေ့ (နိုဝင်ဘာ ၉) ညပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ကလေးမြို့မှ ထွက်လာသည့် အင်အား ၇၀ နီးပါး ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာအနီး ထိတွေ့ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

“တောထဲမှာ ရှောင်တခင် ဖြစ်သွားတာပေါ့။ အဲ့ဒီမှာ နှစ်ဖက်အကျအဆုံးရှိတာပါ။ လွတ်မြောက်လာတဲ့သူလည်း အများကြီးရှိတယ်။ (ကာကွယ်ရေးဘက်က ထိခိုက်ကျဆုံးတာ) ၁၀ ယောက်ကျော်လောက်တော့ ရှိနိုင်တယ်” ဟု ကလေးခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် ထိခိုက်သေဆုံးသည့် ကာကွယ်ရေးအဖွဲ့ဝင်အရေအတွက်နှင့် ပစ်ခတ်မှုအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ထိုစစ်ကြောင်းသည် ဆင်မအိုင်ရွာအနီးတွင်ပင် ရှိနေဆဲဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောကြသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် အကောင့်များတွင် ဆင်အိုင်မရွာအနီး ပစ်ခတ်မှုတွင် ကာကွယ်ရေးအဖွဲ့ဝင် ၂၈ ဦး သေဆုံးပြီး သေနတ် ၂၃ လက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ယနေ့ (နိုဝင်ဘာ ၁၀) နံနက်ပိုင်းတွင် စတင် ဖြန့်ဝေလျက်ရှိသည်။

ရေဦး-ကလေးဝ ကားလမ်းနှင့် ကလေးဝ-ဖောင်းပြင်လမ်းဆုံအနီး တည်ရှိသည့် အောင်ချမ်းသာကျေးရွာတွင် စစ်တပ် အထိုင်ချ တပ်စွဲထားခြင်းဖြစ်ရာ ထိုရွာကို ကာကွယ်ရေးအဖွဲ့များက ဆယ်ရက်ကျော်ကြာ ပိတ်ဆို့ထားသည်။ လက်နက်ကိုင်အင်အား ၁၀၀ နီးပါးရှိရာ ထိုအထဲတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးများလည်း ပါဝင်သည်ဟု သိရသည်။ ပိတ်ဆို့ခံထားရသည့် အောင်ချမ်းသာရွာကို စစ်ကူပေးရန် ထိုစစ်ကြောင်း ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင် နောက်တစ်ဦးက ပြောပြသည်။

“(စစ်တပ်) အင်အားလည်း တောင့်တယ်။ ပျူအင်အားလည်း တောင့်တယ်။ ဘန်ကာတွေကို အခြေခံကျကျ တည်ဆောက်ထားတဲ့သဘော ဖြစ်နေတာ။… တောထဲမှာ လမ်းတစ်ထောက် အချက်အချာကျတဲ့ တစ်နေရာဖြစ်နေတာ” ဟု သူက ဆက်ပြောသည်။ နိုဝင်ဘာ ၃ ရက် နံနက် ၃ နာရီတွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက အောင်ချမ်းသာရွာ စစ်ကောင်စီ တပ်စခန်းကို ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက် တောက်လျှောက်ပိတ်ဆို့ထားခြင်းဖြစ်သည်။ အောင်ချမ်းသာရဲစခန်းကို ယခုနှစ် ဩဂုတ်လဆန်းတွင် ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းသိမ်းပိုက်စဉ် စစ်တပ်က လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသများတွင် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ အများအပြားရှိနေပြီး အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁ သန်း အသုံးပြုမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ယနေ့ ကနဦးအစီရင်ခံစာ ထုတ်ပြန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူဦးရေ ၅၀,၀၀၀ နီးပါးနှင့် နိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် လူဦးရေ ၄၀၀၀၀ ခန့် စစ်ရှောင်နေရကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed