ကိုးကန့်တပ်မတော်(MNDAA)သည် ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ ကြောင်း MNDAAက ယနေ့ ထုတ်ပြန်ကြေညာပြီး သမိုင်းက ပေးအပ်ခဲ့သော တာဝန်များကို MNTJP နှင့် MNDAA တို့မှ ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ဟု အသိပေးသည်။ အဆိုပါ အောင်မြင်မှုကို MNTJP ပါတီဝင်များ၊ ကိုးကန့်မဟာမိတ် တပ်မတော်အရာရှိရဲဘော်တို့မှ ခိုင်မြဲပြီး ကာလကြာရှည်စွာ တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ခြင်းဖြင့် ဖော်ဆောင်နိုင်ခြင်းဖြစ်ဟု အသိပေးသည်။

ထို့ပြင် အထူးဒေသ(၁) သာမက နိုင်ငံတော်ရှိ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးစုအားလုံးတို့၏ မြင့်မြတ်သောအောင်မြင်မှုလည်းဖြစ်သည်ဟု ထုတ်ပြန်သည်။ ဇန်နဝါရီ ၄ရက်တွင် လောက်ကိုင် ဒကစ မှူး အပါအဝင် ဗိုလ်မှူးချုပ် ၆ဦးနှင့် စစ်အင်အား ၄,ဝဝဝ ကျော် လက်နက်ချပြီးနောက် ကိုးကန့်တွင်နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ကိုးကန့်နန်ထင်မိန်တောင် စခန်းကုန်းတွင်အခြေချသောတပ်ဖွဲ့ ထပ်မံလက်နက်ချအညံ့ခံခဲ့သည်။

ထိုသို့ လက်နက်ချအညံ့ခံမှုများအပြီးတွင် ကိုးကန့်ဒေသ တစ်ခုလုံးကိုပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ လက်ရှိ ကိုးကန့်ဒေသတစ်ခုလုံးတွင် စစ်ကောင်စီ၏ တပ်သားတစ်ဦးတစ်ယောက်မျှမရှိတော့ဟု ပြောဆိုနိုင်ကြောင်းလည်း အသိပေးသည်။

MNDAA မှ ကိုးကန့်လောက်ကိုင်မြို့တွင်းသို့ ဝင်ရောက်စစ်ဆင်ရေးလုပ်ဆောင်လာချိန်တွင် စစ်ကောင်စီ၏လောက်ကိုင် ဒကစရှိ တပ်ဖွဲ့ဝင်များသည် MNDAA နှင့် တပ်စခန်းပြောင်းရွှေ့ရေး ကိစ္စကို စတင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး နောက်ဆုံးတွင် ဘုံသဘောတူညီချက်ရရှိကာ ဇန်နဝါရီ (၄)ရက်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင် ဒကစအခြေချတပ်ဖွဲ့ဝင်နှင့် တပ်မိသားစုဝင်တို့၏အိမ်ပြန်ခရီးစဉ်စတင်စီစဉ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ဇန်နဝါရီ ၅ရက် နေ့လယ်အချိန်တွင် ကိုးကန့်နန်ထင်မိန်တောင်စခန်းကုန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း MNDAAထံ လက်နက်ချအညံ့ခံခဲ့သည်ဟု ဖော်ပြသည်။

လွန်ခဲ့သည့် (၁၄)နှစ်တွင် စစ်အုပ်စုတို့သည် ကိုးကန့်ဒေသတွင်(၂၀၀၉ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့)အရေးအခင်းကို ဖန်တီးခဲ့ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်များစစ်ဆေးရေးအကြောင်းပြချက်ဖြင့် အထူးဒေသ(၁)ကိုးကန့်နယ်မြေကို သာလွန် လက်နက်အင်အားဖြင့်ကျူးကျော်ခဲ့သည်ဟု ဖော်ပြသည်။ ထိုသို့ ကျူးကျော်ပြီး ကိုးကန့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအာဏာကို အတင်းအဓ္ဓမလုယူခဲ့သည်ဟု ဆိုသည်။

MNDAA သည် စစ်ရေးပရိယာယ်အရနေရာပြောင်း‌ရွေ့ခဲ့ရပြီး အထူးဒေသ (၁)ပြန်လည်ထူထောင်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြန်လည်ရရှိရေးကို အဓိကရည်မှန်းချက်ဖြင့် စစ်ရေး၊ နိုင်ငံရေးညှိုနှိုင်း ဆွေးနွေးရေးစသည့် လမ်းစဥ်တို့ဖြင့် တော်လှန်ရေးလုပ်ငန်းများကို စတင်ဖော်ဆောင်ခဲ့ရာ (၁၄)နှစ်တာ ကြိုးစားအားထုတ်မှုဖြင့် ယနေ့တွင် သမိုင်းဝင် မြင့်မြတ်သည့်အောင်မြင်မှုကိုရရှိနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

လက်ရှိ MNDAA သည် မုံးကိုးနှင့် ကိုးကန့်ခရိုင်နှစ်ခုကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မူပန်(သိန္နီ)နှင့်ကွတ်ခိုင်၏ အများစုနေရာကိုလည်းထိန်းချုပ်ထားနိုင်ခဲ့ကာ ဟိုပန်ဒေသကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed