ကိုးကန့်ခရိုင် ရှီးရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့(နိုဝင်ဘာ ၁၄ရက်)တွင် ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။ “ဒီနေ့ကတော့ ထွေထွေထူးထူး တိုက်ပွဲအများကြီးမရှိဘူး။ ဒီနေ့က ရှီးရှမ်းဒေသ ဟွာရှီပန်ရွာအနီးရှိ တပ်စခန်းတစ်ခုကိုတော့ ကျနော်တို့သိမ်းပိုက်ရရှိခဲ့တယ်” ဟု MNDAA ပြောရေး ဆိုခွင့်ရှိသူက ၁၀၂၇ စစ်ဆင်ရေး ၁၉ရက်မြောက်နေ့ဖြစ်သည့် ယနေ့ စစ်ရေး အခြေအနေကို ပြောပြသည်။

အဆိုပါတပ်စခန်းကို ယနေ့ နံနက် ၁၀နာရီ ၅၀မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀အကြာတွင် စခန်းသိမ်းနိုင်ခဲ့သည်ဟု MNDAAက အသိပေးထား သည်။ ဟွာရှီပန်ရွာစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိထားကြောင်း ဓာတ်ပုံမှတ်တမ်းဖြင့် အသိပေးသည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ တပ်စခန်း ၁၄၄ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု အသိပေးသည်။ အဆိုပါအရေအတွက်သည် MNDAAနှင့် AA တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်သည့် အရေအတွက်ဖြစ်သည်။

တအာင်းတပ်မတော်(TNLA) တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တပ်စခန်း ၃၃ခု ထက်မနည်းရှိခဲ့ပြီး ယနေ့တွင်လည်း တပ်စခန်း တစ်ခုကို ရှင်းလင်းနိုင်ခဲ့သည်။ ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၇၈ ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။ နိုဝင်ဘာ ၁၃ရက် စစ်ရေးသတင်းကိုလည်း ထုတ်ပြန်ခဲ့ရာ ရှောင်ကိုင်စစ်ဆေးရေးဂိတ်၊ မော်ထိုက်ရန်ချန်တောင်ကုန်း စစ်ကောင်စီစခန်း၊ သိန္နီရှိ ရေပူဂိတ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAAက ထုတ်ပြန် သည်။ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။

TNLAကလည်း ယနေ့ စစ်ရေးအခြေအနေကို ၏ဖော်ပြထားရာ ကျောက်မဲရှိ စစ်ကောင်စီ (၅၀၂) တပ်စခန်းကို ယနေ့ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ထို့ပြင် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဆိုင်လိုင်တပ်စခန်းကို ယနေ့နံနက်က တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ကေငာ်စီတပ်ကလည်း နောင်ချိုမြို့နယ် ဂုတ်တွင်းအနီး တိုက်ခိုက်ရေးရဟတ် ယာဉ် ဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ နောင်ချိုမြိနယ် ဂုတ်ထိပ်အနီးတွင် ယမန်နေ့ညက တစ်ညလုံးတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLAက အသိပေးထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed