အောက်တိုဘာ၂၇ရက်၊ မနက် ၅ နာရီအချိန်မှစတင်ကာ ညပိုင်းအချိန်အထိ ကော့ကရိတ်မြို့အတွင်း၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့မနက်ပိုင်းတွင်လည်း ကျုံဒိုးမြို့နယ်မှ ကော့ကရိတ်မြို့နယ်ဘက်သို့ စစ်ကောင်စီ လက်အောက်ခံ BGF ကား ၂၁ စီးအင်အားဖြည့်လာသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကြောင့် အမှတ် ၇ ရပ်ကွက် တံတားဦး၊ ကြာအင်းကုန်းအပိုင်းမှ ပြည်သူ ၂ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အသက် ၉ နှစ် အရွယ်ကလေးငယ်တစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း သိရှိရသည်။

” မနေ့က အစောကြီး ပစ်သံခတ်သံတွေကြားတော့ အစ်မတို့လည်း ကြောက်ပြီး အိမ်တွေ၊ ဆိုင်တွေ ပိတ်ပြီးနေနေ ကြရတယ်။ တစ်ချို့လည်း တောင်ပေါ်ကျောင်းမှာ စစ်ရှောင်နေကြတယ်။ ဒီနေ့မနက်တော့ အခြေအနေ နည်းနည်း ငြိမ်နေတာနဲ့ အစ်မကလေး ၃ ယောက်ကို မော်လမြိုင်ပို့ထားလိုက်ပြီ” ဟု ကော့ကရိတ်မြို့တွင်းတွင် စတိုးဆိုင်ဖွင့်ထားသည့် ဒေသခံပြည်သူတစ်ဦးက ပြောသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ ကော့ကရိတ်မြို့ စရဖရုံး၊ ရဲသတင်းတပ်ဖွဲ့ရုံးများ မီးလောင်ပျက်စီးခဲ့ ကြောင်းလည်း သိရသည်။

လက်ရှိ ကော့ကရိတ်မြို့တွင်းအခြေအနေနှင့်စပ်လျဉ်း၍ ” အခုပဲ (နေ့လယ် ၁ နာရီခွဲအချိန်) ပစ်ခတ်သံတွေ ကြားနေရတယ်။ ကျမလည်း ကလေးနေမကောင်းတော့ စိတ်ညစ်နေတာ။ တော်တော် များများလည်း ရှောင်နေကြတယ်။ ကျွန်မလည်း ရှောင်ဖို့ ပြင်နေတယ် ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ယမန်နေ့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီးကျောင်းဝန်းအတွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၇၀) ကျော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး တစ်ဦးသေဆုံးခဲ့ကြောင်းကို ကျားဖြူစစ်ကြောင်းတပ်ခွဲ-၄ မှ သတင်းထုတ်ပြန်ထား ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed