စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း Khin U Dog Killer အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်)၊ မနက်ပိုင်းတွင် ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ (၁၅)ရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

“ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ခင်း အစောပိုင်းကတည်းက စစ်ကြောင်းထိုးနေတာပါ၊ ဒီစစ်ကြောင်းက ခန့်မှန်းလို့ မရဘူး။ အဲ့ဒါကြောင့်မလို့ ကြိုတင်စီစဥ်ထားတာကိုတောင် ပြည်သူတွေ အများကြီး ရှောင်တိမ်းနေရတယ်။ သဲကုန်းကြီးရွာဆို ဝက်ခြံတွေရော၊ နေအိမ်တွေရော မီးရှို့သွားတယ်” ဟု ခင်ဦးမြို့နယ်အနောက်ခြမ်း Khin U Dog Killer အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ဘေးရှောင်နေရသည့် အချို့သောပြည်သူများသည် စစ်ကြောင်းဝေးရာနေရာများသို့ ခြေလျင်ဖြင့်သာ ရှောင်တိမ်းနေရသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အခက်အခဲ ကြုံတွေ့ရလျှက်ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“ ဆောင်းတွင်း‌ဆိုတော့ စောင်တွေ ဘာတွေ သယ်ရတယ်။ အထုပ်တွေ အပိုးတွေက တစ်ဖက် ကလေးတွေက တစ်ဖက်နဲ့ဆိုတော့ ဒုက္ခရောက်တာပေါ့၊ စစ်ကြောင်းထိုးတိုင်း အသက်မသေအောင်တော့ ပြေးနေရတာပဲ “ ဟု ကုန်းသာရွာမှ ‌စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ ယခုလက်ရှိတွင် ရွာသစ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ အင်းဖက်၊ မရမ်းအင်း၊ ကုန်းသာ၊သဲကုန်းကြီး၊ကျီးအိုင်၊ မုံတော (တောင်)၊ မူးသာ၊လက်ပံကွက် စသည့် ကျေးရွာများအပါအဝင် ကျေးရွာ (၁၅) ရွာမှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed