ကွမ်းလုံမြို့နယ်ရဲ့တောင်ပိုင်းရှိ ကံမိုင်းဒေသ မှာ အခြေချတပ်ထိုင်တဲ့(ရမခ) လက်အောက်ခံတပ်ရင်း ခလရ (၁၄၃)က လူဦးရေ ၄၁ဦးဟာ ညီ‌နောင်မဟာမိတ် ၃ဖွဲ့ဆီကို လက်နက်ချပြီး အလင်းဝင်လာခဲ့တယ်လို့ ကိုးကန့်အဖွဲ့က ထုတ်ပြန်ပါတယ်။လက်နက်ချလာတဲ့သူ ၄၁ဦးအနက် ဒု-တပ်ရင်းမှူး ၁ဦး နဲ့ တပ်ခွဲမှူး ၂ဦးပါဝင်ခဲ့ပြီး လက်နက်တွေကိုပါအပ်နှံသွားခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာလ ၂၈ရက်နေ့ ညပိုင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့ က အဲဒီတပ်ရင်းကို လက်နက်ချအလင်းဝင်ရန် တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာ MNDAA က “ မိမိတို့တပ်မတော်ဟာ MNTJP ပါတီရဲ့ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေတဲ့တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတစ်ပါးအားသတ် ခြင်းဟာ မိမိတို့ရဲ့ရည်ရွယ်ချက်မဟုတ်ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်တွေအနေဖြင့် စစ်သုံ့ပန်းမူဝါဒကို တစ်စိုက်မတ်မတ်လိုက်နာပြီး စစ်သုံ့ပန်းတွေကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောက်ပါမည်”လို့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အဲဒီနောက် နှစ်ဦးနှစ်ဘက်က တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောက်တိုဘာလ ၃၀ရက်နေ့မှာတော့ ခလရ (၁၄၃) ရဲ့တပ်ဖွဲ့ဝင်တွေက လက်နက်ချ အလင်းဝင်လာခဲ့ပြီး စစ်ရေးပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေကိုလည်း တပ်စခန်းမှာပဲ ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ အလင်းဝင်လာတဲ့ အာဏာသိမ်းတပ်တပ်ဖွဲ့ဝင် ၄၁ဦးအတွက် MNDAA က တစ်ဦးကို လမ်းစရိတ် ၁၅သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိအချိန် အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့တွေဟာ လူအင်အားအလွန်ချို့တဲ့နေပြီး တပ်ရင်း ၁ရင်းမှာ လူအင်အား ၁၀၀ခန့်သာရှိတော့ကာ ထွက်ပြေးသူ၊ ကျဆုံးသူတွေလည်း နေ့စဥ်နဲ့အမျှ ဆက်တိုက်တိုးနေတယ်လို့ ကိုးကန့်ကဆိုပါတယ်။

“ ကာမိုင်းဒေသမှာရှိတဲ့ စစ်တပ်ဟာ ယခုကဲ့သို့ တပ်ရင်း(၁)ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် စစ်တပ်ရဲ့အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ”လို့ MNDAA ရဲ့ ရှေ့တန်းအရာရှိတစ်ဦးက ဖော်ပြပြောဆိုခဲ့ပါသေးတယ်။

ခလရ (၁၄၃)ကနေ ဆက်သွယ်ရေးစက် ၃ခု၊ ရိုင်ဖယ်သေနတ် ၂၇လက်၊ စက်လက်အငယ် ၅လက်၊ RPG ၂လက်၊ Sniper ၁လက်၊ စက်လက်အကြီး ၂လက်၊ Type -82 စိန်ပြောင်း ၁လက်၊ ၆၀မမ စိန်ပြောင်း ၂ လက်၊ ၅.၅၆ ကျည် ၁၁ဖာ၊ ၅.၅၆ Shot Gun ကျည်အတောင့် ၈ထောင်၊ အီနာဂါ ၃ ဖာ၊ ရိုင်ဖယ်ကျည်ကပ် ၁၃၀၊ MA-4 ဗုံးသီးအလုံး၈၀၊ ဗုံးသီးအမျိုးမျိုး ၂၄၇လုံး၊ ၈၂မမ ဗုံးသီး ၉၁လုံး၊ ၁၀၀မမ ဗုံးသီး ၄၆လုံး၊ MA-4 ၄လက် ၊ လက်ကိုင်ဖုန်း ၂၈လုံး၊ စကားပြောစက် ၇ခု၊ ဆန် ၃၈အိတ်၊ Readymade Food ၁၂ဖာ၊ ကုလားပဲ ၃ ပုံး၊ ဆေး ၅ဖာ၊ စားသုံးဆီ ၃ ပုံး၊ လောင်စာဆီ ၃ ပုံးနဲ့ ဝက် ၁ကောင် ရရှိခဲ့တယ်လို့သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed