မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ ပူတာအိုခရိုင်၊ KIA တပ်မဟာ ၁ နယ်မြေ၊ ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီးဒမ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းကို ယမန်နေ့ (ဇန်နဝါရီ ၆ ရက်)၊ မနက် ၁၀ နာရီခန့်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ခရန်ထီးဒမ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူပေးခဲ့သောကြောင့် ယမန်နေ့ (ဇန်နဝါရီ ၆ ရက်)မှသာ သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။

“ ပထမနေ့ကတည်းက စခန်းရခါနီး လေယာဥ်နဲ့လာပစ်လို့ မနေ့ကမှ သိမ်းမိလိုက်တာပါ၊ နှစ်ဘက်ထိခိုက်မှုတွေရှိတယ် လို့ သိရတယ်။ အဲဒီ့စခန်းက ခေါင်လန်ဖူးမြို့နယ်ထဲမှာ အရေးကြီး၊ အရေးပါတဲ့ စခန်းတစ်ခုပါ” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က MPA သို့ ပြောသည်။

ခရန်ထီးဒမ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းမှာ ဆယ်စုနှစ်တစ်ခုအကြာတပ်စွဲထားသည့် စခန်းတစ်ခုဖြစ်ပြီး၊ ပူတာအို၊ နောင့်မွန်းနှင့် ခေါင်လန်ဖူးမြို့နယ်များကို လုံခြုံရေးယူထားသည့် အဓိကရှေ့တန်းစခန်းကြီးတစ်ခုဖြစ်ကြောင်း ပူတာအိုဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF Putao နှင့် ခါကာဘိုပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ (KPF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်းပဲ နေချင်တယ်။ ကျမတို့ စစ်ရှောင်ရတာလည်း ဟိုးအရင်ကတည်းကပဲ၊ စစ်ပွဲတွေ ကြောင့် နေရပ်မပြန်နိုင်ဘဲ တခြားမှာနေရတာမျိုးတွေလည်း မရှိချင်တော့ဘူး ” ဟု ခေါင်လန်ဖူးဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် ဝိုင်းမော်မြို့နယ်၊ တာလော့ကျေးရွာရှိ ပြည်သူ့စစ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ ရက်၊ မနက် ၉နာရီခန့်တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“ ပြည်သူ့စစ် ၇ ဦးကို စစ်လက်နက်တွေနဲ့အတူ ဖမ်းမိပါတယ်။ ဖမ်းမိတဲ့သူတွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားရှိထားပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။ ယမန်နှစ် ဒီဇင်ဘာ ၁၅ ရက်၌လည်း တာလောကြီးနှင့် ဘော်ဆာဒီးပြည်သူ့စစ်စခန်းတို့ကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သေးသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed