September 2, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အခြေစိုက်တပ်စွဲထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ တပ်ရင်း ၃ စခန်းကို စစ်ကောင်စီနှင့် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)တို့က ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် ရုတ်တရက်စီးနင်းသိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ တပ်ရင်း ၃ စခန်းသိမ်းပိုက်ခံရမှုတွင် Drone နှစ်စင်း ၊ ၆၀ မမ တစ်လက်၊ RPG တစ်လက်၊ ၄၀ မမ တစ် လက်၊ AK ကျဥ်ဆံ အထောင့် ၁၀၀၀ နှင့် ဆိုင်ကယ် ခုနှစ် စီး အပါအဝင် ဆန်အိတ် ၂၀ ခန့်ကိုလည်း ZRA တပ်ဖွဲ့ နှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းဆည်းသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)နှင့် စစ်ကောင်စီအပေါင်း ZRA ပူးပေါင်းတပ်ဖွဲ့ တို့အကြား မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရှိခဲ့ကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ စခန်းစီးနင်းသိမ်းပိုက်ခံရမှုနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ အထွေထွေအတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့ ပေမယ့် သတင်းဖော်ပြချိန်ထိ အဆက်အသွယ် မရသေးပါ။

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌမင်းအောင်လှိုင်ကို ၂၀၁၈ ခုနှစ်က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းသဖြင့် အဆိုပါအဖွဲ့ကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ချင်းအမျိုးသားတပ်ဦး(CNF)တပ်ဖွဲ့၏ ကွပ်ကဲစေခိုင်းမှုဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ)သည် မြို့ကို ဖျက်ဆီးရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြောင်း၊ မိမိတို့ ZRA ၏ အရှေ့ပိုင်းတိုင်းကို တိုက်ခိုက်ရန် ထပ်တလဲလဲတိုက်ခိုက်ရန် ကြိုးစားလာခြင်းကြောင့် လက်ဦးမှုရယူတိုက်ထုတ်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ခွင့်ပြုချက်မရှိဘဲ လာရောက်အခြေချသည့် လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဇိုမီးဒေသအတွင်းမှ ထွက်ခွာသွားကြရန် ဇိုမီးလက်နက်ကိုင် Zomi Revolutionary Army (Eastern Command)က စက်တင်ဘာလ ၁ ရက် နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။

တော်လှန်ရေးကို အကြောင်းပြ၍ တွန်းဇံဒေသအတွင်း ရှိအပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်ကာ ကျောင်းသူ၊ ကျောင်းသားများ ပညာဆည်းပူးမှုကို ဟန့်တားပိတ်ပင်ခြင်းနှင့် ဆေးရုံး၊ ဆေးခန်းများ၊ စာသင်ကျောင်းများကို ဖျက်ဆီးခြင်း မပြုလုပ်ကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ တပ်စခန်းများကို ဖျက်ဆီးသိမ်းပိုက်မှုတို့ကြောင့် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေး တပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

Source: Ayeyarwaddy Times

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed