September 10, 2023 || Tongsan Media Group ||

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် တွန်းဇံမြို့ ကစ်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီးအပါအဝင် အခြားသူများကို လိမ်ညာပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ထံ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ)ထံမှ သတင်းရရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးရန် ဇိုမီးလက်နက်ကိုင်(ZRA)က ဖုန်းဖြင့် ဆက်သွယ်လာသည့်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)က လက်ခံခဲ့ပြီး စစ်ဝတ်စုံ၊ လက်နက်၊ လုံခြုံရေးမပါဘဲ တွန်းဇံမြို့၊ လုံသပ်ကျေးရွာတွင် လူချင်းဆွေးနွေးရန် နှစ်ဖက်သဘောတူထားပြီးနောက် ဇိုမီးလက်နက်ကိုင်အဖွဲ့ (ZRA ) မလာရောက်သည့်အတွက် ပျက်ခဲ့ရကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) က ပြောသည်။

“ချိန်းထားတဲ့ ရက်မှာ ဇိုမီးလက်နက်ကိုင်(ZRA)တွေ မလာတော့ဘူး။ ညှိနှိုင်းမယ့် ငြိမ်းချမ်းရေးက မအောင်မြင်တော့ဘူး။ လိမ်ညာသွားပြီဆိုပြီးတော့ ကျောင်းထိုင်ဘုန်းတော်ကြီးဆီကို ဖုန်းဆက်လိုက်တယ်။ သူတို့က တွန်းဇံမြို့ပေါ်မှာ နေပြီးတော့ မြို့ပေါ်မှာ ဇိုမီးလက်နက်ကိုင်ရဲ့ အလံကို တာဝါတိုင်ပေါ်မှာ လွှင့်ထောင်တယ်။ ပြီးတော့ မီးသတ်စခန်းမှာ အခြေချကြတယ်။ နေ့လည်ဆိုရင် တွန်းဇံမြို့ထဲမှာ သောင်းကျန်းနေကြတယ်။ ဖြတ်သွားဖြတ်လာလုပ်တဲ့ ဒေသခံတွေကို ရိုက်နှက်တာတွေ လုပ်တဲ့အထိ ဖြစ်သွားတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထန်ဆွင်းမုန်က ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမည့် အခြေအနေကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)သည် မြို့ထဲသို့ ဝင်ရောက်မည့် လမ်းကြောင်းများတွင် ချထားသော လုံခြုံရေးဂိတ်များကို ဖြေလျော့ပေးခဲ့ပြီး အဆိုပါအခွင့်အကောင်းကို ဇိုမီးလက်နက်ကိုင်(ZRA)က အသုံးချ၍ တွန်းဇံမြို့ပေါ်သို့ တပ်ဖွဲ့ဝင်များ ခိုးဝင်ကာ တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ထံမှ သိရသည်။ ထို့ပြင် ဇိုမီးလက်နက်ကိုင်(ZRA)က နောက်ထပ်ငြိမ်းချမ်းရေး ဆွေးနွေးရန် ထပ်မံကမ်းလှမ်းလာကြောင်းသိရပြီး အဆိုပါငြိမ်းချမ်းရေးကိုလည်း ဇိုမီးလက်နက်ကိုင်ဘက်က မြို့ထဲသို့ ၎င်းတပ်ဖွဲ့ဝင်များ ပို့နိုင်ရန် လိမ်လည်ပြောဆို လာခြင်းသာ ဖြစ်​သည်ဟု သိရသည်။

“ချိန်းထားတဲ့နေရာမှာ လုံခြုံရေးအခြေအနေအရ တွန်းဇံကို သွားမယ့် လမ်းတွေကို မပိတ်ထားတော့ဘူး။ အဲ့ဒါနဲ့ အယောက် ၃၀ က မြို့ထဲကို ခိုးဝင်တယ်။ ပြီးတော့ နောက်ထပ် ၃ ရက်နေ့မှာ ထပ်စုံရအောင် ဆိုပြီးတော့ လိမ်ညာပြောဆိုလာပြန်တယ်။ အဲ့သလို လိမ်ညာပြောဆိုတာ သတိမထာမိသေးဘူး။ နောက်မှ သိတာ။ အဲ့တော့ ကျွန်တော်တို့ကလည်း လက်ခံတယ်။ အဲ့ဒီ ၃ ရက်အတွင်းမှာပဲ ရဲဘော်အယောက် ၂၀ ကို တွန်းဇံမြို့ထဲကို သူတို့ ထပ်ပို့နိုင်ခဲ့တယ်”လို့ ဆလိုင်းထန်ဆွင်းမုန်က ဆက်လက်ပြောဆိုသည်။

တွန်းဇံမြို့နှင့် ၂ မိုင်ဝေးသော နေရာတွင် လက်နက်အပြည့်အစုံဖြင့် တပ်ချထားသော ချင်းကာကွယ်ရေး တပ်ဖွဲ့(တွန်းဇံ)၏ ယာယီစခန်းကို ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ (ZRA)က လက်ဦးမှုရယူပြီး လာရောက်တိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ ဒရုန်းအပါအဝင် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတချို့နှင့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းခံသွားရကြောင်းသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed