ချင်းပြည်နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ (မေလ ၂၁ရက်) နံနက်အစောပိုင်း၌ တွန်းဇံမြို့ကို အလုံးစုံသိမ်းပိုက်နိုင်သည့် အခြေအနေဖြစ်ကြောင်း CNA ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲကို မေလ ၁၇ရက်က စတင်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ရဲစခန်းနှင့် တွန်းဇံအခြေစိုက် ခလရ(၂၆၉) တပ်ကို ချင်းပူးပေါင်းတပ်က သိမ်းနိုင်ခဲ့ပြီး ယနေ့ နံနက်အစောတွင် ကျန်နေသည့် စစ်ကောင်စီတပ်စွဲရာကို ဝင်ရောက်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။ “တွန်းဇံမြို့ကို ဒီမနက်မှာပဲ သူတို့ရဲ့ ပုန်းခိုတဲ့နေရာတစ်ခုလုံးကို ဝင်စီးလိုက်နနိုင်တယ်။ အဲဒီမှာ လက်နက်ငယ် ၅၀လောက်ရတယ်။ အဲဒီမှာ အသအေပျောက်တွေကတော့ ၁၀ယောက်၊ ၁၁ယောက် တွေ့တယ်။ တချို့က ထွက်ပြေးကြတယ်။” ဟု ဆလိုင်းထက်နီက ပြောသည်။

ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့များကို လိုက်လံရှင်းလင်းလျက်ရှိရာ မြို့ထဲ၌ ပစ်ခတ်မှုအချို့ရှိဟု ပြောသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် စစ်ကူလာပို့ကြောင်း၊ ထို့ပြင် အိန္ဒိယဘက် အခြေစိုက်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဇိုမီးတပ် ZRA ကလည်း စစ်ကောင်စီဘက်က ပစ်ကူပေးခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးရာတွင်လည်း တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုခဲ့ပြီး ယခင်ထက် ပစ်အား ပိုမိုပြင်းထန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

” အဲဒါတွေကို တိမ်းရှောင်ရင်းနဲ့လုပ် နေတာဆိုတော့ နယ်မြေရှင်းလင်းမှုက ခက်ခဲတာပေါ့။ စစ်ကောင်စီကတော့ အဓိကက မြေပြင်က စစ်ကူမလာနိုင်တော့ဘူး။ နောက်ပြီးအဲဒီဒေသက ချင်းပြည်မြောက်ပိုင်းဆိုပြီး CAN နဲ့ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ အင်အားအလုံးအရင်းနဲ့အဲဒီလို ရောက်လာမယ်ထင်ပုံမရဘူး။ ဒါပေမဲ့ တိုက်ခိုက် ရေးမှာလည်းတကယ့်တကယ် တလျောက်လုံး စိတ်ပိုင်းဆိုင်ရာမှာ အင်မတန်ချိနဲ့တယ်” ဟု ဆလိုင်းထက်နီက မြို့သိမ်းတိုက်ပွဲ အချိန်တိုအတွင်း အောင်မြင်မှု ရရှိခဲ့သည့်အပေါ် ရှင်းပြသည်။

မြို့သိမ်းတိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်က သုံးဦးကျဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်ဟုလည်း အသိပေးသည်။ တွန်းဇံဒေသည် စစ်ရေးနိုင်ငံရေးအရ အရေးကြီးသည့် ဒေသဖြစ်ကြောင်း၊ ယင်းဒေသ၌ အိန္ဒိယ နိုင်ငံ မဏိပူကလာသည့် ZRO/ZRA တပ် လှုပ်ရှားမှုရှိသကဲ့သို့ ချင်းပြည်တွင် စစ်ကောင်စီယန္တရာ လည်ပတ်မှု အားအကောင်းဆုံးဒေသ ဖြစ်ကြောင်း၊ ထို့ပြင် မင်းအောင်လှိုင်ဖော်ဆောင် နေသည့် ရွေးကောက်ပွဲအတွက် ဒေသ ပါတီများက မင်းအောင်လှိုင်နှင့် ပူးပေါင်းဆောင်ရွက်မှုရှိနေကြောင်း ဆလိုင်းထက်နီက ပြောသည်။

” စစ်ရေးအရရော နိုင်ငံရေးအရရော အင်မတန်မှ အရေးကြီးတယ်။ဆက်လက်ပြီး အင်အားမတည် ဆောက်နိုင်အောင် ဆက်လက်ပြီးလုပ်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဟားခန်း၊ ထန်တလန်မြို့နယ်တို့တွင်လည်း ပစ်ခတ်မှုအချို့ ရှိနေပြီး ချင်းပြည်၏ အခြားနေရာများ၌ စစ်ရေးအကြီးအကျယ်မရှိဟုလည်း ဆလိုင်းထက်နီက ပြောသည်။ CNA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၇ခုထက်မည်းကိုသိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed