August 25, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာကို ညအိပ်ခဲ့တဲ့စစ်တပ်ဟာ ဒီနေ့ သြဂုတ်လ၂၅ ရက်မနက်ပိုင်းက ခင်ဦးမြို့နယ်ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ သိရပါတယ်။

“ထိတွေ့တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဖမ်းဆီးခံရတဲ့ဒေသခံတွေလည်း မရှိသေးပါဘူး။ ဒီစစ်ကြောင်းက ကျနော်တို့ သတင်းရထားတာက ဒီပဲယင်းဘက်ကိုသွားမယ်လို့ သတင်းရထားတယ်” လို့ Khin Oo Support Organization (KSO) အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင် က ပြောပါတယ်။

အဲဒီစစ်တပ်ဟာ သြဂုတ်လ၂၃ ရက်က ခင်ဦးမြို့နယ် ကျွန်းလည် ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့သွားရောက်ပူးပေါင်းကာ ခင်ဦးနယ်ဘက်ကို ပြန်ထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဒီနေ့နေ့လယ် ၁၂ နာရီကျော်မှာ ခင်ဦးမြို့နယ် ကျွန်းလည်ကျေးရွာအနီး ရောက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် ရှောင်တိမ်းနေရတဲ့ကျေးရွာတွေကတော့ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်က သရက်ပင်ဝန်းရွာ၊ ကြာပင်အိုင်(ခေါ်)သဲကုန်းလေးရွာ၊ ကျွန်းလည်ရွာ၊ ညောင်ပင်ကြီးစု၊ သိမ်တော်ရွာ၊ ကျွန်းသွယ်ရွာ၊ မှန်သာရွာ၊ ရုံးစုရွာ၊ မူးသာရွာ၊ သက်ပေးရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာစတဲ့ ကျေးရွာကဒေသခံ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ယခုစစ်ကြောင်းဟာ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့စစ်ကြောင်းဖြစ်ပြီး သြဂုတ်လ ၂၂ ရက်က ခင်ဦးမြို့နယ်ဘက်ကကျေးရွာတွေကို ပစ်ခတ်စစ်ကြောင်းထိုးလာတာကြောင့် မရမ်းအင်းကျေးရွာကစစ်ရှောင်ဒေသခံတဦး အမောဖောက်သေဆုံးခဲ့ပါတယ်။

Reference: မြေလတ်အသံ

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed