September 6, 2023 || Tongsan Media Group ||

ကလေးမြို့မြောက်ပိုင်း ပြည်တော်သာကျေးရွာနေ မဒိုဒိတ်ဟွဲ (သက် ၃၀) သည် လွန်ခဲ့သည့် ဩဂုတ်လက စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်စစ်ဆေးမှု ခံခဲ့ရပြီးနောက် စက်တင်ဘာလ ၅ ရက် ယမန်နေ့က ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ မဒိုဒိတ်ဟွဲသည် လွန်ခဲ့သည့် ဩဂုတ်လက ပြည်တော်သာရွာမှ ကလေးမြို့သို့ ဆိုင်ကယ်ဖြင့် သူငယ်ချင်းနှင့်အတူ သွားရာလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ဆေးမှုပြုလုပ်ပြီး အကြောင်းပြချက်မရှိဘဲ သွေးထွက်သည်အထိ ပါးရိုက် နားရိုက်ခံခဲ့ရသည်ဟု ၎င်းနှင့် နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များက သူမစီးလာသည့် ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်များ လုယူခဲ့ပြီးနောက် ပြန်လွှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရိုက်နှက်ခံရပြီးနောက် ဩဂုတ်လ ၂၈ ရက်နေ့ မနက်စာစားနေစဉ် ခေါင်းမူးခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲခြင်းများခံစားခဲ့ရပြီး တစ်ပါတ်အတွင်း သတိလစ်‌မေ့မျောခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူအရိုက်ရပြီး တစ်ပါတ်ကျော်နှစ်ပါတ်လောက်မှာ မနက်စာစားရင်း ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီးတော့ မူးလဲသွားတယ် အဲဒီအချိန်ကစပြီး တစ်ပါတ်အတွင်း သတိပြန်မရဘူး မေ့မျောသွားတယ် ဆေးရုံပို့‌စစ်ဆေးပေမဲ့ ရောဂါမတွေ့လို့ သူတို့ဆန္ဒအတိုင်း မန်းလေးသွားမယ်ပေါ့‌ မနေ့ကကျ လမ်းမှာ ဆုံးသွားတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသော မဒိုဒိတ်ဟွဲ၏ ရုပ်အလောင်းအား သူမရပ်ရွာသို့ ပြန်လည်သယ်ဆောင်လာကာ ယနေ့ မွန်းလွဲ ၃ နာရီတွင် ခရစ်ယာန်ထုံးစံအတိုင်း ဝတ်ပြုအလောင်း သဂြိုလ် မည်ဟု သိရသည်။ လွန်ခဲ့သည့် ဩဂုတ်အတွင်းကလည်း က‌လေးမြို့ မွန်လိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးသည် မြို့ထဲသွားလာရာမှာ စစ်ကောင်စီတပ်များက သွေးထွက်သံယိုဖြစ်သည်အထိ ရိုက်နှက်စစ်ဆေးမှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

Source: Online Social Media

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed