September 16, 2023 || Tongsan Media Group ||

စစ်ခေါင်းဆောင်က ၎င်းရဲ့လူယုံ ဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ မိုးမြင့်ထွန်းနဲ့စိုးထွဋ်တို့ကို ငွေကြေးကိစ္စ‌တွေနဲ့ပတ်သက်ပြီး ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ဘဏ်သုံးခုအပါအ၀င် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိတွေ ဖမ်းဆီးစစ်ဆေး‌နေတဲ့အထဲမှာ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုပါ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ စစ်ရုံးချုပ်နှင့်နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။

စစ်ကောင်စီက ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးနေသူတွေထဲမှာ ရေတပ်ချုပ် မိုးအောင်နဲ့အတူ ထိပ်တန်းအရာရှိကြီးတွေလည်း ပါ၀င်လာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးနေရာကို ရွှေပြောင်းခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးခံနေရတာဖြစ်ပါတယ်။ “၀န်ကြီး(ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်)ကို ဆေးခွင့်ပေးတယ်ဆိုပြီး အိမ်မှာပဲနေခိုင်းထားတယ်။ သိရတာကတော့ ဒေါ်လာအရောင်းအ၀ယ်တွေနဲ့ပတ်သက်တယ်။ သူ့စီးပွားရေးနဲ့ ပတ်သက်တဲ့ တိုင်စာတွေကိုလည်း စစ်ခေါင်းဆောင်က ဖတ်နေတယ်”လို့ စစ်ရုံးချုပ်နဲ့နီးစပ်တဲ့ အရာရှိတဦးက ပြောပါတယ်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အူမကြီးကင်ဆာရောဂါ ခံစားနေရတာကြောင့် အရေးပါအရာရောက်တဲ့ ပြည်ထဲရေး၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီးအဖြစ် ပြောင်းရွှေခံရတယ်လို့ အကြောင်းပြထားသော်လည်း စီးပွားရေးဆိုင်ရာ တိုင်စာကိစ္စတွေကြောင့် အနားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နေရာကို လျာထားခြင်းခံရတဲ့အပြင် စစ်ခေါင်းဆောင်ရဲ့ အနီးကပ်ဆုံးလူယုံဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း ပို့ကုန်၊ သွင်းကုန်၊ ဒေါ်လာကိစ္စတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့လူယုံ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အရေးပါအရာရောက်ကာ အောင်မြင်ခဲ့တဲ့ မည်သည့်ကိစ္စကိုမှလုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အချိန်တိုအတွင်း စစ်ခေါင်း ဆောင်ရဲ့အရေးပေးမှုနဲ့ အရေးပါတဲ့နေရာတွေကို ရယူထားသူတဦးဖြစ်ပြီး ယခုလို ထိန်းသိမ်းစစ်ဆေးခံရတာကြောင့် စစ်တပ်ထိပ်တန်းအရာရှိ အသိုင်းအဝိုင်းက ၎င်းတို့အတွက်ပါ စိုးရိမ်မှုတွေရှိနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးနောက် အဆိုပါစီးပွားရေးလုပ်ငန်းတွေမှာ အဓိကပါ၀င်နေတဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိများကိုပါ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်ထံက သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့လူယုံ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဖမ်းဆီးစစ်ဆေးခံရတဲ့အကြောင်းရင်းမှာ အမေရိကန်ဒေါ်လာ အလဲအလှယ်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို မရိုးမသားလုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးစစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed