ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရွာသားတွေကို အစုလိုက်အပြုံလိုက် နှိပ်စက်သတ်ဖြတ်ခဲ့တာကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

မေလ ၂၉ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဗျိုင်းဖြူရွာကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး တစ်ရွာလုံးကို ပိတ်ဆို့ခဲ့တဲ့အပြင် သက်ကြီးရွယ်အိုနဲ့ နို့စို့အရွယ်ကလေးတွေပါမကျန် ရွာသားအားလုံးကို လမ်းပေါ်ထွက်ခိုင်းပြီး အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး သုံးဦးအပါအဝင် ပြည်သူ ၅၁ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ NUG ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

အခုလို စစ်ကောင်စီက ရက်စက်စွာ သတ်ဖြတ်‌နေတာကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအားလုံးမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တာဝန်ရှိသူတွေ၊ ပါဝင်ပတ်သက်သူတွေ အားလုံးကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်လို့ NUG က ပြောထားပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဗျိုင်းဖြူရွာက နေအိမ်တချို့မှာ သဲအိတ်ဘန်ကာတွေ၊ ဗုံးခိုကျင်းတွေ တွေ့တာကြောင့် စုံစမ်းစစ်ဆေးနေစဉ် ဒေသခံမဟုတ်တဲ့ အမျိုးသားသုံးဦးက လုံခြုံရေးတပ်ဖွဲ့ ဝင်တွေဆီက သေနတ်ကိုလုယူခဲ့တာကြောင့် ခြောက်လှန့်ပစ်ခတ်ရာမှာ အဲဒီအမျိုးသားသုံးဦး သေဆုံးခဲ့တာလို့ ဇွန်လ ၂ ရက်နေ့မှာ သတင်းမီဒီယာတွေကို တုံ့ပြန်ဖြေဆိုထားပါတယ်။ နောက်ထပ် သံသယရှိသူ ၂၅ ဦးကိုလည်း စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ ဗျိုင်းဖြူရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံး တပ်တော်(က.လ.တ) တို့ကလည်း ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed