တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲသို့ ထွက်ပြေးခဲ့ကြရသည့် မြန်မာနိုင်ငံသား ၅၀၀၀ ကျော်ကို ၎င်းတို့ပိုင်နက်အတွင်းမှ နှင်ထုတ်ရန် စီစဉ်နေသည်ဟု မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း N Biren Singh က လူမှုကွန်ရက်မှတစ်ဆင့် ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ကြရသူများကို “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ” ဟု မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ညွှန်းဆိုသည်။ နယ်နိမိတ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၅၄၅၇ ဦးအနက် ၅၁၇၃ ဦး၏ ဇီဝအချက်အလက်များကို ကောက်ယူထားပြီး ထိုသူများကို ပြန်ပို့ရန် စီစဉ်နေသည်ဟု ဝန်ကြီးချုပ်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ (မေ ၈) ရက်နေ့တွင် ဖော်ပြသည်။

ပြန်လည်ပို့ဆောင်မည့် အစီအစဉ်အသေးစိတ် အချက်အလက်နှင့်ပတ်သက်ပြီး အသေးစိတ်ကို မဏိပူရ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် လုပ်ဆောင်မည့် ထိုအစီအစဉ်ကြောင့် လုံခြုံရေးစိုးရိမ်မှုများရှိနေကြောင်း အိန္ဒိယနိုင်ငံရောက် စစ်ရှောင်အရေး ကူညီနေသူများက ဆိုသည်။

“ထွက်ပြေးလာသူအများစုက အထူးသဖြင့် တိုက်ပွဲဖြစ်တဲ့နေရာမှာ မလုံခြုံလို့ ပြေးလာတဲ့သူတွေ ဝရမ်းထုတ်ခံရလို့ ပြေးလာတဲ့သူတွေရယ် CDM ဝန်ထမ်းတွေပေါ့။ အဲ့ဒီလို ပြေးလာတဲ့သူတွေဖြစ်တော့ အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်ကို ပြန်ပို့မယ်ဆိုရင် သူတို့အတွက် လုံခြုံရေး တော်တော်ကို စိုးရိမ်စရာ ဖြစ်သွားတာပေါ့” “အိန္ဒိယအစိုးရအနေနဲ့လည်း သူတို့ကို ဘယ်လိုပုံစံမျိုး အချက်အလက်တွေ၊ လုံခြုံ‌ရေးအာမခံချက်တွေယူပြီး ပို့မလဲဆိုတာ ကျွန်တော်တို့ကတော့ မေးခွန်းထုတ်စရာရှိတယ်” ဟု လူမှုကူညီရေးလုပ်ဆောင်နေသည့် India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ထောက်ပြသည်။

အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်များထံမှ ဇီဝမှတ်တမ်းအချက်အလက်ကောက်ယူခြင်းကို ပြီးခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည်။ အရပ်ဘက်အဖွဲ့များ၏ ကန့်ကွက်မှုများကြောင့် မြန်မာစစ်ဘေးရှောင်အများစုခိုလှုံသည့် မီဇိုရမ်ပြည်နယ်တွင် တစ်လဝန်းကျင်ခန့်သာ ဇီဝမှတ်တမ်း ကောက်ယူခဲ့သည်၊ မဏိပူရ်ပြည်နယ်တွင်မူ ဆက်လက်ကောက်ယူခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် မြန်မာနိုင်ငံသား ၇၇ ဦးအနက် အမျိုးသမီးနှင့် ကလေးများအပါအဝင် ၃၈ ဦးကို ယခုနှစ် မေလဆန်းတွင် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။

“ဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုတာ အသံထွက်လိုက်။ တိုင်းပြည်မကောင်းမချင်း ပြန်မပို့ဘူးလို့ ပြောလိုက်။ ဒီကြားထဲမှာ ပြန်ပို့ခံရတာတွေရှိနေလိုက်နဲ့ဆိုတော့ အိန္ဒိယအစိုးရက လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်နေတဲ့ အနေအထားနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး သီးခြားဆုံးဖြတ်ချက်မျိုး မချနိုင်သေးတဲ့ အနေအထားလို့ မြင်မိပါတယ်” ဟု ဆလိုင်းဒိုရ်ခါက မှတ်ချက်ပြုသည်။

စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ထောင်နှင့်ချီသည့်ဒေသခံများမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စစ်ဘေးရှောင်တချို့မှာ ခမ်းပါတ်မြို့ကဲ့သို့ အိန္ဒိယ-မြန်မာနယ်စပ် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများသို့ ပြန်လည်ဝင်ရောက်သွားသူများလည်း ရှိသည်။

သို့သော် အချိန်မရွေး ဗုံးကြဲလေ့ရှိသည့် စစ်တပ်၏ ရန်ကြောင့် နေရပ်ပြန်ရန် စိုးရိမ်ထိတ်လန့်နေရသည်ဟု စစ်ရှောင်အရေးကူညီနေသူ အမျိုးသားတစ်ဦးက ဆိုသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေလဆန်းတွင် ထုတ်ပြန်သည့် အချက်အလက်များအရ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၂.၈ သန်းရှိပြီး အိမ်နီးချင်း အိန္ဒိယသို့ ထွက်ပြေးခိုလှုံနေရသူ ၅၉,၀၀၀ ကျော်ရှိနေသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed