နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရပြီး ရာထူးမှဆိုင်းငံ့ခံရသည့် တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုကို ယနေ့နံနက်တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးလိုက်ကြောင်း ကိုရီးယားသတင်းများက ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ သမ္မတအား စုံစမ်းစစ်ဆေးရန် ကြိုးစားနေရာမှ ယနေ့နံနက်တွင် သမ္မတအိမ်တော်အတွင်း ဝင်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ် သည်။
ယနေ့နံနက်ပိုင်းတွင် စုံစမ်းစစ်ဆေးသူများက ယွန်းဆွတ်ယို၏နေအိမ်သို့ဝင်ရောက်ခဲ့ရာ သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့သဖြင့် ၎င်းအား ဖမ်းဆီးရန်ထုတ်ထားသည့်ဝရမ်းကို ပြသခဲ့ရကြောင်း၊ ထို့နောက်၎င်းအား သမ္မတလုံခြုံရေးမော်တော်ယာဉ်ဖြင့် စစ်ဆေးမေးမြန်းရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးရုံးသို့ ခေါ်ဆောင်သွားကြောင်း သတင်း၌ ဖော်ပြထားသည်။
သမ္မတ ယွန်းဆွတ်ယိုက ၎င်းအဖမ်းမခံရခင် ကြိုတင်မှတ်တမ်းတင်ထားသော ဗီဒီယိုမက်ဆေ့ချ်တွင် “ကံမကောင်းစွာနဲ့ပဲ တရားဥပဒေဟာ ဒီနိုင်ငံမှာလုံးဝပြိုပျက်သွားပါပြီ။ စုံစမ်းစစ်ဆေးရေးအာဏာပိုင်မရှိတဲ့ အေဂျင်စီတွေက ဖမ်းဝရမ်း ထုတ်တာတွေ၊ ဖမ်းဝရမ်းမပါတဲ့တရားရုံးတွေက ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေဖမ်းဝရမ်းထုတ်တာတွေ တွေ့ရတော့ စုံစမ်းရေး အေဂျင်စီတွေက ပြည်သူတွေကိုလှည့်ဖြားဖို့ စာရွက်စာတမ်းအတုတွေ ထုတ်တယ်။ ဒီလိုတရားမ၀င်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ပြီး တရားမ၀င် ဝရမ်းတွေကိုအခြေခံပြီး လုပ်ထုံးလုပ်နည်းတွေမညီတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်” ဟု ပြောဆိုခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သည့် ယွန်းဆွတ်ယိုကို သမ္မတရာထူးမှ အပြီး တိုင်ဖယ်ရှားရန်သင့်မသင့် ကြားနာစစ်ဆေးမည့်အခြေခံဥပဒေခုံရုံး၏ ပထမဆုံးတရားခွင်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ၎င်းမတက်ရောက်ခဲ့ပေ။ သမ္မတ ယွန်းဆွတ်ယို၏ ဒီဇင်ဘာ ၃ ရက်က ၆နာရီကြာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော် ပုန်ကန်မှုဦးဆောင်သူအဖြစ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့်အတွက် တောင်ကိုရီးယားနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အနေဖြင့် သမ္မတကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင်နေထိုင်သူတဦးက “မနက်ပိုင်းက စစ်ဆေးရေးတွေ ပိတ်မိနေသေးတယ်။ ၁၀ နာရီခွဲမှာ ဖမ်းတယ်။ စစ်ဆေးမယ့် သမ္မတရုံးမှာပဲ ဆက်ဖမ်းထားနိုင်ဖို့ တရားရုံးက ၄၈ နာရီအတွင်း အမိန့်ထပ်ပေးရမယ်။ ပေးမပေး မသိရသေးဘူး။ စစ်ဆေးမှုအခြေအနေက သမ္မတအပေါ်မှာ မူတည်တယ်။ တရားရုံးကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရင်တော့ သူ့လူတွေ ငြိမ်မယ်။
သူကဆန့်ကျင်ရင်တော့ သူ့လူတွေက ကာကွယ်တာ ဆန့် ကျင်တာ လုပ်မယ်လို့ယူဆရတယ်။ ပါတီကလည်း သူ့ဘက်က ကာကွယ်ပေးနေတယ်” ဟု ပြောသည်။ ၎င်းသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့စဉ်အတွင်း အထိတ်တလန့် ဖြစ်ခဲ့ကြသည့်ပြည်သူများကို တောင်းပန်စကားပြောခဲ့သော်လည်း အဆုံးထိ တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း အသိပေးခဲ့သည်။


Hits: 0