August 25, 2023 || Tongsan Media Group ||

သိန်းတသောင်း စည်းရိုး ပရောဂျက်ကရရှိငွေနဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် – KNDF ဗျူဟာ(၄) တပ်ရင်းများကို လက်နက်တပ်ဆင်ပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ “စည်းရိုး Project” မှ ရရှိခဲ့တဲ့လက်နက်များကို KNDF ဗျူဟာ (၄)တပ်ရင်းများဖြစ်တဲ့ တပ်ရင်း (၁) တပ်ရင်း (၅) တပ်ရင်း (၆) နဲ့ တပ်ရင်း (၇) တို့ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်တပ်ဆင်ပွဲ အခမ်းအနားမှာ ဗျူဟာ (၄) ရဲဘော်များ စစ်ရေးပြခဲ့ပြီး KNDF တာဝန်ရှိသူများ၊ ဗျူဟာ(၄) မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ ရဲဘော်များနဲ့ မြေပြင်ရှိ Fundraiser များ တက်ရောက်ခဲ့ပါတယ်။

“မရှိတာကို ရှိအောင်လုပ်ခဲ့ကြလို့ ရှိလာတဲ့အခါ ကနဦးပြောထားတဲ့ ကတိစကားတွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ပရောဂျက်က အောင်မြင်ပြီး ရလာတဲ့ငွေတွေ ဘယ်ရောက်လို့ ရောက်ကုန်လဲဆိုတာမျိုး မဖြစ်ရလေအောင် ပွင့်လင်းမြင်သာစွာနဲ့ ရဲဘော်တွေလက်ထဲကို စစ်အခမ်းအနားနဲ့ အပ်နှင်းခဲ့တာဖြစ်တယ်” လို့ စည်းရိုးပရောဂျက်ကို ဦးဆောင်ခဲ့တဲ့ KNDF ဒု-စစ်ဦးစီးချုပ် ကိုမာဝီက ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

“ကျွန်တော်တို့ရဲ့ နေ့စဉ် စစ်အသုံးစရိတ်ဟာ သိန်းထောင်နဲ့ချီ အသုံးပြုနေရတာကိုလည်း အများအသိ ဖြစ်ပါတယ်။ ပြည်သူများထံမှပဲ နားပူနားဆာ လုပ်ရတာ အားနာပါတယ်။ သို့သော် ကျွန်တော်တို့သည် ရလဒ်ကိုပြသတတ်သော ရလဒ်ရအောင်ယူတတ်သော ကရင်နီ ကလေးများဖြစ်တဲ့အတွက် ပြည်သူ့ထောက်ပံ့မှုများသည် အကျိူးမယုတ်ဘူးဆိုတာ ကျွန်တော်အသက်နဲ့ရင်း အာမခံပါတယ်” လို့ KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီကပြောပါတယ်။

KNDF ဗျူဟာ (၄) ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ စည်းရိုးပရောဂျက်က ရရှိလာတဲ့ အထောက်အပံ့များ အလဟသ မဖြစ်စေဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ကတိပြုကြောင်း KNDF စည်းရိုး ပရောဂျက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စည်းရိုးပရောဂျက်ဟာ KNDF ဗျူဟာ (၄) မှ ဦးဆောင်ကာ မတ်လ ၂၀ ရက်မှ စတင်ပြီး ၂၈ ရက်အတွင်း သိန်းတစ်သောင်းရရှိဖို့ ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်ကာ ကမ်ပိန်းကာလအတွင်း သတ်မှတ်ပမာဏ အပြည့်ရရှိခဲ့ပါတယ်။

Ref: Burma Media Consortium

Hits: 3

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed