July 27, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဇူလှိုင်(၂၅)ရက် မနေ့ညက ရှစ်တန်းကျောင်းသား‌ အပါအဝင် မိသားစုဝင်သုံးဦး သူတို့ရဲ့ နေအိမ်ထဲမှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ သေဆုံးသူတွေဟာ အသက်(၁၅)နှစ်ခန့်အရွယ် ရှစ်တန်းကျောင်းသား မောင်ပြည့်လျှံ၊ အမဖြစ်သူ အသက်(၂၀)ခန့် မငြိမ်းငြိမ်းနဲ့ မိခင်ဖြစ်သူ အသက်(၅၀)ခန့်အရွယ် ဒေါ်အေးတို့ ဖြစ်ပါတယ်။

တမူးမြို့ စန္ဒကူးရပ်ကွက်အတွင်းက သူတို့ရဲ့ နေအိမ်မှာရှိနေချိန် မနေ့ကညပိုင်း စစ်အုပ်စု လက်‌အောက်ခံပျူတွေက နေအိမ်ထဲဝင်ရောက်ပြီး မိသားစုသုံးဦးကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူက MFP ကို ပြောပါတယ်။ “မအေးက အိန္ဒိယဘက်နဲ့ ကုန်ကူးတယ်။ သူအိမ်က စီးပွားရေး ပြေလည်တယ် ပြောရမယ်။ လုပ်ငန်းသဘောအရ ပျူစောထီးတွေဆီ ဆက်ကြေးပိုက်ဆံ ခဏ ခဏ ပေးရတယ်။ ညကတော့ စကားများတယ်လို့ သိရတယ် “လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသူ မိသားစုဝင်တွေဟာ သစ်လုပ်ငန်းနဲ့ အသက်မွေး၀မ်းကြောင်းပြုသူတွေ ဖြစ်ပြီးတော့ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေက ငွေကြေးရလိုမှုနဲ့ နေအိမ်ထဲဝင်ရောက်ပြီးနောက် ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။ တမူးမြို့ စန္ဒကူးရပ်ကွက်နေ သားအမိသုံးဦးကို PDF/ABSDF ပူးပေါင်းအဖွဲဝင် ခုနှစ်ဦးက နေအိမ်ထဲဝင်ကာ သေနတ်နဲ့ပစ်သတ်သွားတာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ PDF တွေက ဘာကြောင့်သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ စစ်အုပ်စုကဖော်ပြတာ မရှိပါဘူး။

တမူးမြို့ပေါ်မှာ စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံသားတွေ အပါအဝင် ဒေသခံပြည်သူတချို့ကို ပျူတွေက သတ်ဖြတ်ခဲ့ပါသေးတယ်။ လက်ရှိမှာ တမူးမြို့နယ် ခမ်းပတ်မြို့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ဇူလိုင်(၂၂)ရက်က ခမ်းပတ်မြို့တွင်း လူနေရပ်ကွက်တွေထဲ စစ်အုပ်စုက လက်နက်ကြီးနဲ့ထုလို့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ ဒေသခံတစ်ဦး သေဆုံးခဲ့သလို ဇူလိုင်(၂၅)ရက်မှာလည်း ခမ်းပတ်နဲ့ အနီးဝန်းကျင်က ခမ်းပတ်၊ ဘုတ်ကန်၊ ကနန်၊ တိမ်းကယား၊ ပန်းသာ၊ နန်းခေါက် စတဲ့ ရွာတွေဘက် စစ်အုပ်စုက လက်နက်ကြီးနဲ့ထုပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Source: Burma Media Consortium

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed