ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Keizaang ရွာနဲ့ Muizawl ရွာကြားမှာ ယနေ့မေ ၂ရက်နေ့ ညနေပိုင်းက ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ Zomi Revolution Amry (ZRA) တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေ ၁ ရက်နေ့ မနေ့ကလည်း တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာအနီးမှာ CNA နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲမှာ မြန်မာ-အိန္ဒိယ မီဇိုရမ်ပြည်နယ်(အိန္ဒိယ) ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်နှင့် လိုင်သွီး ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့အထိ ဖြစ်ပွားနေကြောင်း ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က ပြောသည်။

၎င်းက “အခြေအနေကတော့ သူတို့ လာပြီးတော့ လာတိုက်တာပေါ့လေ၊ ကျနော်တို့ရဲ့ နယ်မြေကို ကျူးကျော်ပြီး တော့ လာတိုက်တာပါ၊ ကျနော်တို့က သူတို့ (CNF) ကို တိုက်ချင်လို့ မဟုတ်ဘူး။ ကိုယ့်နေရာမှာ ကိုယ့်ဒေသမှာ နေပြီးတော့ ကိုယ့်နယ်မြေလုံခြုံရေး ယူတဲ့အချိန်မှာ သူတို့က လာတိုက်တာ။ ကျနော်တို့ အပိုင်းမှာတော့ ထိခိုက်မှု တချို့တော့ ဒဏ်ရာရတဲ့သူတချို့တော့ ရှိတယ်၊ အခု စကားပြောတဲ့ အချိန်မှာလည်း တိုက်ပွဲဖြစ်နေတယ်၊ အခု ဗုံးတွေ ဘာတွေ အသံကြားရတာပေါ့၊ ဒီလိုဖြစ်တဲ့ အချိန်မှာတော့ ဒဏ်ရာရတဲ့သူတော့ သူတို့ဖက်မှာတော့ ကျနော် တို့ Confirm လုပ်တာ ၂ ယောက်တော့ သေတယ်လို့ ကြားတယ်၊ ကျနော်တို့ အပိုင်းမှာတော့ နှစ်ယောက်တော့ ဒဏ်ရာရတယ်၊ အပြင်းအထန် မဟုတ်ဘူးပေါ့နော်၊ ရှေ့ဦးသူနာပြုနဲ့ လုပ်ပြီးတော့ ဖြေရှင်းရတာပေါ့၊ သူတို့အပိုင်း မှာတော့ သူတို့က အိန္ဒယပြည်မှာ သယ်သွားတဲ့ဟာကြတော့ သတင်းအတိအကျ မသိဘူးပေါ့နော်၊ ကျနော်တို့ အပိုင်းမှာတော့ နှစ်ယောက် ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

ဒီမိုကရေစီတော်လှန်ရေး လုပ်ဆောင်မှုမှာ ကောင်းမွန်ကြောင်း၊ သို့သော်လည်း နယ်မြေကျူးကျော်ပြီး တိုက်ခိုက်မှု ကတော့ ကောင်းသည့်လက္ခဏာ မဟုတ်ကြောင်း ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က ပြောသည်။ လက်ရှိ တိုက်ပွဲဖြစ်နေသော ကာလကို အခွင့်ကောင်းယူကာ CNF ဦးဆောင်သည့် Chinland Council တပ်ဖွဲ့ဝင် များသည် ဒေသခံတော်လှန်ရေးအဖွဲ့များ၏ ခွင့်ပြုချက်မပါဘဲ ချင်းညီနောင်၏ ထိန်းချုပ်နယ်မြေများကို သိမ်းပိုက် ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း၊ နယ်မြေကျူးလွန်မှုများ ဆက်လုပ်ဆောင်နေပါက ချင်းပြည်သူ များအကြား စည်းလုံးမှု ပြိုကွဲစေပြီး သွေးထွက်သံယိုမှုများကို ဦးတည်နိုင်စေကြောင်း ချင်းညီနောင်(၆ ဖွဲ့)က မေလ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်တွင် ZRA နှင့် CNF/CNA တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ ZRA သည် မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ မြန်မာ-အိန္ဒိယနယ်စပ် စသည့် နေရာ ဒေသများတွင် လှုပ် ရှား လျက်ရှိသည်။ CNF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ထန်တလန်မြို့နယ်တွင် ဌာနချုပ်ထားရှိကာ ဟားခါး၊ တီးတိန်၊ မတူပီတို့တွင် လှုပ်ရှားလျက်ရှိသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed