ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီ စစ်တပ်မှ တီးတိန်မြို့နယ် သိုင်းငင်းရွာရှိ နေအိမ် အားလုံး နီးပါး မီးရှို့သွားတယ်လို့ ဒေသတွင်း ခရီးသွား သူတွေရဲ့ ပြောပြ ချက် အရ သိရှိရပါတယ်။ “မနေ့ည ကတည်းက တိုက်ပွဲ ပြင်းထန်တဲ့ ပုံပဲ။ စစ်ကောင်စီ တပ်ဖွဲ့ ဖက် ကတော့ CDF CDM Siyin တွေ ထောင်ထားတဲ့ မိုင်းတွေကြောင့် အတော် အထိနာပုံ ရတယ်။ သေဆုံးတဲ့ လူလည်း ရှိတယ်လို့ သိရတယ်” လို့ အဆိုပါ ဒေသတွင်း ခရီးသွားသူက ပြောပါတယ်။

“သိုင်းငင်းရွာ ကတော့ နေအိမ် အတော်များများ ပြာကျ သွားပြီ။ ကျွန်တော်တို့ သတိ ထား သလောက်တော့ အိမ် သုံးလုံး လောက်ပဲ ကျန်တယ်။ စာသင်ကျောင်း ကိုတော့ မနေ့ည ကတည်းက မီးရှို့ထားတယ် လို့သိရတယ်” လို့ မီးရှို့မှု နဲ့ ပတ်သက်ပြီး ပြောကြား ခဲ့ပါတယ်။ သိုင်းငင်းရွာ ဟာ ကလေး-တီးတိန် နှင့် ကလေး-ဖလမ်း လမ်းဆုံရာ နေရာမှာတည်ရှိတဲ့ တီးတိန်မြို့နယ်ရှိ ‌အိမ်ခြေ ၄၀ ကျော် ရှိသည့် ရွာတစ်ရွာ ဖြစ်ပါတယ်။ ကလေးမြို့ ကနေ တောင်ပေါ် အတက်၊ ခရီး တထောက် နားသည့် နေရာ ဖြစ်တဲ့ အတွက် လူသိများသော လမ်းဆုံရွာ တစ်ရွာ လည်း ဖြစ်ပါတယ်။

စစ်ကောင်စီ လော်ဘီ မီဒီယာ တစ်ခုဖြစ်သော People Media Myanmar မှာတော့ သိုင်းငင်းရွာကို နယ်မြေရှင်းလင်းရေး လုပ်နေတယ် လို့ သတင်းရေးသား ထားပါတယ်။ သိုင်းငင်းရွာကို ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ Chinland Council အဖွဲ့ဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က သိမ်းပိုက်ထားပြီး ၅ လအကြာ ထိန်းချုပ်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်