ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် နိုဝင်ဘာလ ၇ ရက်၊ ညနေ ၆ နာရီခွဲအချိန်က မတော်တဆမိုင်းပေါက်ကွဲမှု ကြောင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ဒုဗိုလ်အပါအဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံသတင်း ရင်းမြစ်များထံက သိရသည်။ စစ်ဆင်ရေးပြုလုပ်ရန်အတွက် တီးတိန်မြို့အဝင်တွင် တိုယိုတာဟိုင်းလတ်ကားတစ်စီးပေါ်၌ မိုင်းများကိုပြင်ဆင် နေစဥ် ပေါက်ကွဲသွားခြင်းဖြစ်ပြီး ကားပေါ်တွင်ပါလာသည့် ရဲဘော် ၃ ဦးလုံး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

“ဗုံးပေါက်ကွဲတယ်၊ ဟုတ်တယ်မှန်ပါတယ်ဗျ။ အဲ့ဒီကိစ္စအမှန်ကတော့ PDF-Zoland မဟုတ်ဘူးဆိုတာ ပထမ အချက်အနေနဲ့ပြောချင်တယ်။ ဒုတိယအချက်အနေနဲ့ကတော့ အခုကျဆုံးသွားတဲ့ ရဲဘော်တွေက CNA ကပါခင် ဗျ။ ကျွန်တော်သိသလောက်ပြောမယ်ဆိုလို့ရှိရင် သူတို့က မြို့အဝင်မှာ သူတို့မိုင်းတွေကို ကားပေါ်မှာပြင်ဆင် တာပေါ့နော်။ အဲ့ဒီမှာ accident ဖြစ်သွားတာ” ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆရာ Jabez က ပြောသည်။

မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ကျဆုံးသွားသည့် CNA ရဲဘော်များမှာ ဒုဗိုလ် ဆလိုင်းအဲလစ်မာ၊ ဆလိုင်းရိုနာလ်နှင့် ဆလိုင်းဂျောရှူဝါတို့ ဖြစ်ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနှင့် အနီးရှိလူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ “အသံက အကျယ်ကြီးပဲကြားရတယ်။ ကေး (ငါ) တို့လည်း ဘာဖြစ်မှန်းမသိ၊ လန့်တာနဲ့ အဲ့ဒီနေ့ကတော့ အပြင်မ ထွက်ဘူး။ နောက်နေ့မှသွားကြည့်တာ။ ဘေး ၅ အိမ်လောက်မှန်တွေ၊ ပြတင်းပေါက်တွေ ပျက်စီးတယ်။ တအား များ(ဆိုး)တယ်နော။ ဖြစ်တာကလေ။ ကား၊ ဆိုင်ကယ်တွေဆို ဘာမှရစရာမရှိဘူး” ဟု တီးတိန်မြို့ခံတစ်ဦး က ပြောသည်။

တီးတိန်မြို့နယ်နှင့် မြို့ပေါ် ရပ်ကွက်များကို PDF-Zoland နှင့် တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထိန်းချုပ်ထားပြီး ယခုအခင်းဖြစ်ပွားသည့်နေရာမှာ စစ်ကောင်စီထိန်းချုပ်မှု လွတ်ကင်းသည့်နေရာဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက်တွင်လည်း တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေ့ရှိ ရကြောင်း သိရသည်။

“တီးတိန်မြို့နယ်ထဲမှာ ဒီလိုမျိုး CNA ရဲဘော်တွေ အသက်ဆုံးရှုံးရတဲ့အတွက် PDF-Zoland နဲ့ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က သူတို့ (CNA) နဲ့ထပ်တူဝမ်းနည်းမိပါကြောင်းပေါ့နော်၊ ပထမပြောချင်ပါတယ်။ နောက်တစ်ခုက ဒီလိုမျိုးထိန်းချုပ်နယ်မြေဖြစ်နိုင်အောင် ကျွန်တော်တို့ကကြိုးကြိုးစားစားလုပ်ထားတာမှာ သူတို့ကဒေသခံတော် လှန်ရေးအဖွဲ့တွေကို အကြောင်းမကြားဘဲနဲ့ပေါ့နော် ဒီလိုမျိုးလုပ်ချင်သလိုလုပ်မယ်ဆိုရင်တော့ နောက်ဆိုရင် တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ ယုံကြည်မှုကရှိမှာမဟုတ်ဘူး” ဟု ဆရာ Jabez က ဆက်လက် ပြောဆိုသည်။

CNA အနေဖြင့် ရှေ့လျှောက် စစ်ဆင်ရေးလုပ်ငန်းစဥ်များတွင် နယ်မြေခံအဖွဲ့အစည်းများကို အသိပေး၍ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်းကိုလည်း ၎င်းကအကြံပြုပြောဆိုသည်။ မိုင်းပေါက်ကွဲပြီးနောက်တွင် CNA ၏ ဆက်သွယ်အကူအညီတောင်းမှုကြောင့် PDF-Zoland နှင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့များက အလောင်းကောက်ခြင်းနှင့် ရှင်းလင်းရေးကို တာဝန်ယူလုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed