ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က မြို့ပေါ် လူနေအိမ်များကို မီးရှို့ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းတို့ကြောင့် ပြည်သူများ၏ နေအိမ်အများအပြား မီးလောင်ကျွမ်းသွားခဲ့ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် စစ်ဘေးရှောင် ပြည်သူတချို့က ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တီးတိန်မြို့အတွင်းရှိ စစ်တပ်နေရာအများအပြားကို တိုက်ခိုက်ခဲ့ရာ နတလ (ခေါ်) နယ်စပ်ဒေတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ မိုက်ခရိုဝေ့စခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ခလရ ၂၆၉ တွင် အင်အား ပြန်လည်စုစည်းပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း၊ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များနှင့် ဗုံးကျဲလေယာဉ်များက တီးတိန်မြို့ကို ဗုံးများ ကျဲချခဲ့ကြောင်း၊ ပြည်သူ့နေအိမ်များကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် ပြည်သူများ၏ နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

“မနေ့ ညနေ ၄ နာရီကျော်ဝန်းကျင်လောက်မှာ စစ်တပ်က နေအိမ်တွေကို မီးစရှို့တယ်။ တချို့နေအိမ်တွေက စစ်သားတွေကိုယ်တိုင် မီးရှို့သွားတာ။ နောက်တစ်ခါ မြို့ပေါ်ကို လေယာဉ်တွေနဲ့ ဗုံးကျဲချတော့လည်း နေအိမ် အဆောက်အုံတွေ မီးလောင်ကုန်တယ်။ တိုက်ပွဲကလည်း ပြင်းထန်နေတယ်။ မြို့သိမ်းတိုက်ပွဲသဘောမျိုးဖြစ်တော့ တိုက်ပွဲကတော့ မြို့မသိမ်းမချင်းတော့ ပြင်းထန်ဦးမယ်လို့ ထင်ပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ချင်းညီနောင်တပ်ဖွဲ့များနှင့် နီးစပ်သော သတင်းရင်းမြစ်ကမူ လတ်တလော စစ်ဆင်ရေးကာလဖြစ်၍ အခြေအနေ ရှုပ်ထွေးနေပြီး တိကျမှန်ကန်သော သတင်းကိုသာ ထုတ်ပြန်ရန် ပေါ်လစီရှိသဖြင့် အသေးစိတ်အခြေအနေများကို ထုတ်ပြန်ဦးမည်မဟုတ်ကြောင်း၊ အခြေအနေများ တည်ငြိမ်လာသည်နှင့်အမျှ ချင်းညီနောင်သတင်းပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို ချင်းညီနောင်တပ်ဖွဲ့များက အရှင်ဖမ်းဆီးရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးသူများလည်းရှိနေကြောင်း၊ စစ်တပ်၏ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိကြောင်း၊ ချင်းညီနောင်တပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိနေကြောင်း သိရှိသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed