ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ သံဘိုရွာ စစ်ကောင်စီတပ်စခန်းကို MDY PDF နှင့်မဟာမိတ် TNLA ပူးပေါင်းတပ်တို့ ဇန်နဝါရီ ၃ရက်၊ နံနက် ၇နာရီခွဲခန့်က သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကြောင်းမှူး၊ ဒုဗိုလ်မှူးကြီး သက်အောင်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း MDY PDFက သတင်းထုတ်ပြန်ထားသည်။

“စစ်ကောင်စီဘက်က သံဘိုကိုပြန်ရဖို့ ထိုးစစ်ဆင်နေတာတွေ၊ကြိုးစားနေတာတွေရှိပါတယ်။ဒါပေမယ့်ကျနော်တို့ဘက်က သူတို့ရဲ့စစ်ကူလာတဲ့အပိုင်းတွေကို ဖြတ်တောက်ထားနိုင်ဆဲ ဖြစ်ပါတယ်”ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပြောသည်။ သံဘိုကျေးရွာသို့ စစ်ကူလာသည့် စစ်ကား ၃စီးကို ဇန်နဝါရီ ၃ရက်၊ မွန်းလွဲ ၂နာရီ ၂၅မိနစ်ခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားများထိခိုက်သေဆုံးမှုရှိပြီး လက်နက် ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့တယ်၊အလောင်းရရှိမှုတွေလည်းရှိတယ်။ ထွက်ပြေးလွတ်မြောက်သွားသူတချို့လည်းရှိတယ်။အရှင်ဖမ်းဆီးရမိခဲ့တာလည်းရှိတယ်။စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကိုအရှင်ဖမ်းဆီးရမိခဲ့တာလည်းရှိပါတယ်“ဟု ၎င်းကပြောသည်။ အရှင်ဖမ်းဆီးရမိခဲ့သည့် ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထားရှိသွားမည်ဟု သိရသည်။ သံဘိုရွာစစ်ကောင်စီစခန်းမှ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

“အဲ့ဘက်က ရွာတွေက အရင်ကတည်းက ပြေးကုန်ပြီ။ရွာထဲမှာတစ်ယောက်မှမရှိတော့ဘူး။အခြေနေမကောင်းတော့ကတည်းကပြေးနေကြတာ၊ဖုန်းလည်းဆက်သွယ်လို့မရဘူး “ဟု နောင်ချိုဒေသခံတစ်ဦးကပြောသည်။ သံဘိုကျေးရွာတိုက်ပွဲတွင် MDY PDF နှင့်မဟာမိတ်ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များ လည်း ပေးဆပ်မှုအချို့ရှိခဲ့ကြောင်း MDY PDF ကထုတ်ပြန်ထားသည်။ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို MDY PDF နှင့်မဟာမိတ် TNLA ပူးပေါင်းတပ်တို့ ဇန်နဝါရီ ၂ရက်က စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed