ချင်းပြည်နယ် ဖလမ်းခရိုင်အတွင်းမှ တွန်းဇံမြို့နယ်ကို မေ၂၃ က ချင်းတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို အရှင်ဖမ်းမိခဲ့သည်။ “မနေ့ မေ၂၃ ညနေ ၄ နာရီခွဲက နေ တွန်းဇံမြို့ပေါ် နှင့် မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံး နယ်မြေရှင်းလင်းရေးလုပ်ပြီးပြီ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

သုံ့ပန်းများအနက် ၁၅ ဦးမှာ ဒဏ်ရာရထားကြောင်း ၎င်းတို့၏ ရာထူးအဆင့်များ အသေးစိတ်အချက်အလက်များ သိနိုင်ရန် မေးမြန်းစစ်ဆေးနေဆဲဖြစ်ကြောင်း မြို့တွင်းမှ စစ်ကောင်စီတပ်များသည် တွန်းဇံနှင့် တောင်ဘက်ကပ်လျက်ရှိ တီးတိန်မြို့ဘက်သို့ ဆုတ်ခွာသွားကြောင်း ၎င်းက ပြောသည်။ မြို့ကို ရှင်းလင်းရေးလုပ်ပြီးနောက် စစ်ကောင်စီ စခန်းချခဲ့သည့် နေရာများမှ ငွေသားကျပ်သိန်းခြောက်ထောင်နီးပါး ရှာတွေ့ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း လက်နက် ၈၀ နီးပါးနှင့် ကျည်ဆန်အများပြား သိမ်းဆည်းရမိခဲ့ကြောင်း ဆိုင်ကလုန်းစင်တာတွင် ချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း တော်လှန်ရေးအင်အားစုက ကယ်ထုတ်နိုင်ခဲ့ကြောင်း ဆလိုင်းထက်နီက ဆိုသည်။ နှစ်ဆန်းပိုင်းက တွန်းဇံမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ထားသည့် CDM ဆရာမ Daw Vung Huai Kim ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် ၎င်း၏ ဖခင် ပုဒ်မ ၅၀၅ (က) နှင့် ထောင် ၃ နှစ် ချခံထားရသည့် ဖိုင်တူရွာသားတစ်ဦးတို့ ဖြစ်သည်။ မေ ၂၂ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု တွန်းဇံမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တွန်းဇံမြို့တွင် တီးတိန်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၉) မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရဲများ ရှိခဲ့သည်။ ဇိုမီးတော်လှန်ရေးတပ်မတော် (Zomi Revolutionary Army – ZRA) အဖွဲ့သည်လည်း စစ်ကောင်စီနှင့်အတူ ပူးတွဲလှုပ်ရှားခဲ့သည်။ ZRA သည် စစ်တပ်၏ အထောက်အပံ့ခံအဖွဲ့ ဖြစ်လာသည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။

“အာဏာမသိမ်းခင်တုန်းက ZRA နဲ့ ဆက်ဆံရေးက ပေါ်တင်တော့ မဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက် မသိမသာလေး ရှိနေတဲ့အနေအထားဖြစ် ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ပေါ်ပေါ်ထင်ထင် တူတူတွဲပြီး ရှိတာ” ဟု CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။ “လုံခြုံရေးကိစ္စတွေမှာ ZRA နဲ့ စစ်တပ် တွဲပြီးတော့ ယူတဲ့ဟာမျိုး။ ဒီလိုမျိုး အနေအထားမျိုးတွေတော့ တွေ့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ZRA နဲ့ စစ်တပ်က ပိုပြီးတော့ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လက်နက်ခဲယမ်းလိုဟာမျိုးတွေ စစ်တပ်က ပေးတဲ့ အနေအထားမျိုးရှိလာတယ်”

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးကောင်းသူဝင်းသည် မတူပီမြို့ စစ်ဗျူဟာအခြေချအဖွဲ့မှ စစ်ရေးအရာရှိ တတိယတန်းစစ်ထောက်ဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလကုန်ပိုင်းတွင် ချင်းတော်လှန်ရေးအဖွဲ့များထံ ပူးပေါင်းလာသူဖြစ်သည်။ တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ZRA မှ ထိပ်ပိုင်းအဆင့် တာဝန်ရှိသူတစ်ဦးပါဝင်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့နယ်သည် တော်လှန်ရေးအင်အားစုများအတွက် အရေးပါသည့် မြို့နယ်ဖြစ်ရုံသာမက စစ်တပ်အတွက်လည်း အခရာကျသည့်နေရာဖြစ်သည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအနက် တွန်းဇံမြို့နယ်သည် စစ်ကောင်စီအုပ်ချုပ်ရေး ကောင်းမွန်စွာလည်ပတ်နိုင်သည့်နေရာဖြစ်ပြီး စစ်တပ်က ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေသည့် နေရာဖြစ်ကြောင်း ဆလိုင်းထက်နီက ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာမြို့ သိမ်းတိုက်ပွဲတွင် စစ်တပ်က လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း စစ်ကူအင်အား ချထားနိုင်ခြင်းမရှိပေ။ မကွေး၊ ရခိုင်နှင့် နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်းဒွေးမြို့သိမ်းတိုက်ပွဲနှင့် တွန်းဇံမြို့သိမ်းတိုက်ပွဲတို့တွင်သာ လေကြောင်းမှ စစ်ကူအင်အားဖြည့်တင်းခဲ့သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တွန်းဇံမြို့ပေါ် နေအိမ်အများပြားပျက်စီးခဲ့ပြီး အနီးရှိ ဖိုင်တူရွာတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ် ၁၀ လုံးနီးပါး ပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ တွန်းဇံတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ ၁၁ ဦးသေဆုံး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ မိုင်းထိခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဘက်မှလည်း ၃၀ နီးပါး သေဆုံးကြောင်း ဆလိုင်းထက်နီက ဆိုသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ချင်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက သတင်းအမှောင်ချထားသည်။ တွန်းဇံမြို့ကို တော်လှန်ရေးအင်အားစု ထိန်းချုပ်လိုက်ပြီးနောက် မြို့ထဲတွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး ဒေသခံအများစု နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့မှ ဒေသခံ ရှစ်ထောင်ခန့်မှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်‌‌နေရပြီး စားနပ်ရိက္ခာ ဆေးဝါးနှင့် အမိုးအကာများလိုအပ်နေကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ရက်စွဲတပ် ထုတ်ပြန်ချက်တစ်ခုတွင် တွန်းဇံမြို့နယ်အတွင်း လူဦးရေ ၃၅၉၉၇ ဦး နေထိုင်သည်ဟု ဖော်ပြထားသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုက တွန်းဇံကို သိမ်းပိုက်ခြင်းမှာ မြို့နယ်အဆင့်သတ်မှတ်ထားသည့်မြို့ကို ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်း ဖြစ်သည်။ ယခင် သိမ်းထားသည့် ရိခေါ်ဒါရ် လိုင်လင်းပီ၊ ရေဇွာ၊ ကျင်ဒွေးမြို့ တို့မှာ မြို့နယ်အဆင့် မဟုတ်ကြပေ။ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ယခုနှစ်ဆန်းပိုင်းတွင် သိမ်းပိုက်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed