ချင်းပြည်နယ် တွန်းဇံမြို့အနီးတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (မေလ ၂၃ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ် က Tongsan Media ပြော သည်။ တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းပူးပေါင်းတပ်က မေလ ၁၇ရက်တွင် စတင်ခဲ့ရာ စစ်ကောင်စီတပ် ခလရ(၂၆၉) နှင့် ရဲစခန်းတို့အား သိမ်းပိုက်ပြီး မေလ ၂၁ ရက်တွင် မြို့ကိုအလုံးစုံထိန်းချုပ်နိုင်သည့် အခြေအနေ ရှိခဲ့သည်။ သို့သော် စစ်ကောင်စီတပ်က လေကြောင်းမှ အင်အားဖြည့်ပြီး တွန်းဇံမြို့ ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။

” အခြေအနေကတော့ အခုလည်း တိုက်ပွဲရှိနေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မနေ့က စကစ က ရဟတ်ယာဉ် လေးစီးနဲ့ အင်အား ၅၀ လောက်လာချတယ်ဆိုတော့ အဲဒီ တွန်းဇံမြို့တွင်းတော့ မဟုတ်ဘဲနဲ့ မြို့ပြင်နဲ့ ရပ်ကွက်တစ်ခုမှာ စကစ တွေက မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားတဲ့အတွက်ကြောင့် ဒီနေ့မှာ အကြီးအကျယ် တိုက်ပွဲ ပြင်းထန်နေတယ်။ စကစတွေ ဒီနေ့မှာလည်း ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။

လက်ရှိတွင် ချင်းပူးပေါင်းတပ်က စစ်ကောင်စီတပ် ခလရ (၂၆၉)တပ်ရင်းနှင့် ရဲစခန်းကို သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။ “ရဲစခန်းပဲ ဖြစ်ဖြစ် စကစတပ်ကုန်းပဲ ဖြစ်ဖြစ် အဲဒီလိုမျိုးတွေကိုတော့ ကျနော်တို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ် ပြီးပြီပေါ့။ သူတို့ကတော့ မြို့ပြင် ထွက်ပြေးခဲ့တယ်။ ဒါပေမဲ့ မနေ့က စကစတွေက လေယာဉ် (ရဟတ်ယာဉ်)လေးစီးနဲ့ အင်အားလာဖြည့်တဲ့အတွက် သူတို့က မြို့ထဲမှာဝင်ဖို့ ကြိုးစားနေတယ်။ အဲဒီလိုမျိုးနဲ့ တိုက်ပွဲပြင်းထန်နေတာပေါ့” ဟု သတင်းရင်းမြစ်က ပြောပြသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိသကဲ့သို့ ချင်းပူးပေါင်းတပ်မှ ရဲဘော်အချို့လည်းကျဆုံးမှုရှိခဲ့ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မေလ ၂၁ ရက်တွင် ပြောကြားထားသည်။ ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၅၀ ခန့် သိမ်းပိုက်ရရှိထားသည်ဟု ၎င်းက အသိပေးသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed