ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။ တွန်းဇံမြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၆၉) တပ်ရင်း စခန်းကုန်းအပါဝင် ထွေအုပ်ရုံးနှင့် အခြားဌာနဆိုင်ရာ နေရာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၁၆ ရက်နေ့ မနက် ၉ နာရီမှစ၍ CNA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တွန်းဇံက စစ်ကောင်စီ စခန်းကုန်းနဲ့ ရုံးတွေမှာ တပ်စွဲတဲ့ စစ်သားတွေကို CNA နဲ့ CDF တွေက ဒရုန်းနဲ့ တပြိုင်နက် တိုက်ခိုက်တာ။ မနေ့က တစ်နေ့လုံး တစ်ညလုံး တိုက်ပွဲဖြစ်နေတာပါ။ ဒီနေ့မနက်ထိ ပစ်ခတ်သံတွေ ကြားရတယ်။ အခုတော့ ငြိမ်သွားပါပြီ” ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် ဌာနဆိုင်ရာ ရုံးအဆောက်အဦးများနှင့် အနီးဝန်းကျင်တွင် နေထိုင်သည့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီသည် ယနေ့ မေလ ၁၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် တွန်းဇံမြို့နယ်၊ နတ်ဇန်ကျေးရွာသို့ လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားပြီး ဒေသခံပြည်သူများသည် ဘေးလွတ်ရာရှောင်တိမ်းနေရကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရှိရသည်။

“တိုက်ပွဲက ပစ်ခတ်သံတွေ ကြားနေရဆဲ ဖြစ်ပါတယ်။ လေယာဥ်က ဝဲနေသေးတယ်။ ဒီနေ့ ညနေ ၃ နာရီလောက်က နတ်ဇန်ရွာ ဘုရားကျောင်းနား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပါတယ်။ ထိခိုက်ပျက်စီးမှုက မသိရသေးဘူး။ မြို့နဲ့ အနီးနားရွာက ပြည်သူတွေ ရှောင်တိမ်းနေကြပါတယ်။ လောဆယ် အရပ်သားထိခိုက်မှုတော့ မရှိသေးဘူး” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တွန်းဇံမြို့နယ်ရှိ လုံတပ်ကျေးရွာတွင်လည်း ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါဝင် နေအိမ် (၁၀) လုံးခန့် ပျက်စီးသွားပြီး နေအိမ် ငါးလုံးသည် လုံးဝ မီးလောင်ပြာကျသွားကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed