ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသကာကွယ်ရေးတပ် (CDF)ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ လက်နက်အလက် ၁၁၀ကျော် ရရှိခဲ့ပြီး အဆိုပါ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံမှတ်တမ်းကို ချင်းအခြေစိုက် သတင်းဌာန အချို့က ယမန်နေ့(ဇွန်လ ၄ရက်) တွင် ဖော်ပြခဲ့သည်။

မေလ ၁၇ရက်မှ ၂၁ရက်အတွင်း တစ်ပတ်ကြာမြင့်ခဲ့သည့် တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခလရ(၂၆၉)တပ်မှ တပ်ဖွဲ့ဝင် ၄၀ဦး နီးပါးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၁၁၀ ကျော်နှင့် ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့သည်။ CNF/CNA ပူးပေါင်းတပ်များအနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ရာ တွန်းဇံမြို့သိမ်းတိုက်ပွဲ၌ လက်နက်ခဲယမ်း အများဆုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

” CNFသိမ်းခဲ့တဲ့ စခန်းကတော့ အရင်တုန်းက မြို့ခွဲတွေဖြစ်တယ်လေ။ ရိဒ်ခေါ်ဒါ၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့ ၊ကျီခါး အဲဒီလိုမျိုးကတော့ မြို့ခွဲပဲဖြစ်လို့ လက်နက်လည်း အဲဒီလောက်ထိ မများဘူးပေါ့နော်။ ၄၀လက်၊ ၅၀ လက်လောက်ပဲဖြစ်တာပေါ့။ အခု တွန်းဇံကတော့ မြို့နယ်တစ်ခုရဲ့ အကြီးဆုံးမြို့တစ်ခုဖြစ်လို့ လက်နက်လည်း အများဆုံးဖြစ်တာပေါ့။ အခုထိ သိမ်းနိုင်တဲ့ မြို့တွေထဲမှာဆို တွန်းဇံက မြို့လည်းအကြီးဆုံးဖြစ်တယ်။ ချင်းညီနောင်သိမ်းခဲ့တဲ့ ကျင်ဒွေးကလည်း မြို့သေးသေးလေးပဲ” ဟု ပြောသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိသကဲ့သို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ ကျဆုံးထိခိုက်မှု အချို့ရှိခဲ့သည်ဟု ဆိုသည်။ တွန်းဇံမြို့သည် စစ်ကောင်စီအုပ်ချုပ်ရေးအားကောင်းသည့် မြို့ဖြစ်သည့်အပြင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လက်နက်ကိုင်တပ်အချို့ ၊ နိုင်ငံရေးပါတီအချို့ရှိနေပြီး စစ်ရေး၊ နိုင်ငံရေးအရ အရေးပါသည့် ဒေသဖြစ်၍ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရှင်းပြထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed