စစ်သင်တန်းတက်ရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ မဲနှိုက် ရွေးချယ်ပေးထားသူများ ရှောင်တိမ်းနေကြသဖြင့် အတင်းအကျပ်ဖမ်းဆီးကာ စစ်သင်တန်းတက်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ ထိုအချက်သည် အရပ်သားများကို စစ်တပ်ထဲ ထည့်ရာတွင် ဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်စာပေးပို့ ခေါ်ယူရမည်ဟု ဖေဖော် ဝါရီလအတွင်း အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေပါ ဖော်ပြချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

အဆိုပါ စစ်မှုထမ်းဥပဒေအတွက် နည်းဥပဒေမထုတ်ပြန်ခင်မှာပင် လူငယ်များကို နည်းမျိုးစုံဖြင့် ခေါ်ယူကာ စစ်သားသစ်သင်တန်းများ စတင်နေခဲ့ပြီး ဖြစ်သည်။ မကွေးတိုင်းအတွင်း ပထမအကြိမ် စစ်သားစုဆောင်းစဉ်က မဲနှိုက်ရွေးချယ်ပြီး လိုက်ပါသွားရသူများရှိသည်၊ စစ်မှုထမ်းရမည့်စာရင်းတွင် အမည်ပါဝင်နေသူတချို့လည်း ရှောင်တိမ်းနေကြသည်၊ ဒုတိယအကြိမ် ခေါ်ယူချိန်တွင် ထိုလူငယ်များကို လိုက်လံဖမ်းဆီးမှု ပိုမိုတွေ့လာရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ နတ်မောက်မြို့နယ် မြို့သစ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒုတိယအကြိမ်ကျတော့ မဲစာရင်းနဲ့ကို မလာတော့ဘူး။…  မဲစာရင်းနဲ့လုပ်မယ်ဆိုရင် ဒုတိယအကြိမ်က ရနိုင်စရာ ဘယ်လိုမှအကြောင်းမရှိဘူး။ ရှောင်တိမ်းပြေးမယ့်သူတွေချည်းပဲ များနေတော့ အလစ်အငိုက်ဝင်ဖမ်းမှသာလျှင် ရမယ်လို့ သူတို့လည်း မြင်တာရှိမှာပေါ့” ဟု ၎င်းက ပြောသည်။ ထို့ပြင် စစ်တပ်က ဝါဒဖြန့်ပြောကြားမှုနှင့် လက်တွေ့ဖြစ်ပျက်နေမှု ကွဲလွဲလာပြီးနောက် ပိုမိုထိတ်လန့်ကာ ရှောင်တိမ်းကြသဖြင့် စစ်သားစုဆောင်းရန် ပိုမိုခက်ခဲသွားကြောင်း စောင့်ကြည့်လေ့လာနေသူများက သုံးသပ်သည်။

စစ်သင်တန်းတက်ရောက်ပြီးနောက် ချက်ချင်း စစ်မြေပြင်သို့ စေလွှတ်မည်မဟုတ်ဘဲ မိမိရပ်ရွာဒေသတွင် လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမည်ဟု စစ်တပ်က ဝါဒဖြန့်ခဲ့သည်။ စစ်သင်တန်းတက်ရချိန်တွင်‌ နိုင်ငံအနှံ့ရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လိုက်ပြီး ပြင်ပနှင့် ဆက်သွယ်ခွင့်ကို ထိန်းချုပ်ထားသည်။ ရန်ကုန်မှလူငယ်များကို စစ်သင်တန်းပြီးလျှင် ရန်ကုန်ဝန်းကျင်တွင်သာ တာဝန်ပေးမည်ဟူသော စည်းရုံးသိမ်းသွင်းမှုများမှာ လိမ်ညာခြင်းပင်ဖြစ်ကြောင်း ပိုမိုသိရှိလာကြသည်ဟု စစ်တပ်ကို ကျောခိုင်းခဲ့ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“မိသားစုနဲ့ ဖုန်းအဆက်အသွယ်ရမယ်။ ရန်ကုန်ကနေဆိုရင် ရန်ကုန်ပတ်ချာလည်ပဲ ချမယ်။ ဒါပေမဲ့ တချို့ဟာတွေက ရန်ကုန်မှာတင် အင်အားမလောက်တဲ့အခါမှာ ပြည်နယ်တွေ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဘက်တွေ ပို့လိုက်ရတာရှိတယ်။ ခေါ်ပြီးရင် သူတို့ပို့ချင်တဲ့နေရာ သူတို့ပို့တာ။ အဆက်အသွယ်လည်း သေချာလုပ်လို့မရဘူးဆိုတဲ့ဟာတွေကို သိလာတော့ ဒုတိယအကြိမ် ခေါ်တဲ့အခါ လူတွေ အကြောက်တရားရလာတာ” ဟု သူက ဆိုသည်။

“သတ်မှတ်ကာလမှာ သတ်မှတ်တဲ့အရေအတွက်မရတော့ ပြဿနာတက်တယ်။ ကြိုတင်ပြင်ဆင်တာပေါ့နော်။ သူတို့အရေးယူခံရမှာစိုးလို့ ကာကွယ်ပြီး ခံစစ်ပြင်တဲ့အနေနဲ့ တွေ့တဲ့သူမှန်သမျှကို အရင်ဆွဲစိထားတာပေါ့” ၂၀၂၁ နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်သဖြင့် နာမည်ပျက်နေသော စစ်တပ်မှ ထွက်ပြေးလာသူများထဲတွင် စစ်သားဟောင်းများသာမက လတ်တလော စစ်သင်တန်းဆင်းလာသူများလည်း ပါဝင်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက နတ်မောက်မြို့နယ်၊ မြို့သစ်မြို့အတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရသူ ၅၀ ကျော်အနက် ၃ ဦးသာ ဆင့်ခေါ်စာဖြင့် ဆင့်ခေါ်ခြင်းခံကြရသူများဖြစ်သည်၊ ကျန်တပ်သားသစ်များမှာ ကျေးလက် လယ်ယာလုပ်ငန်းခွင်တွင် အကြောင်းပြချက်မရှိ ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်ဟု ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ဆိုသည်။ “(တချို့က) ငါးရှဉ့်နီထောင်ရင်း ဆွဲသွားတာ။ ကားလမ်းပေါ်တက်လို့ ဆွဲသွားတာ။ တချို့အစ်ကိုတွေက နောက်ချေးချ သွားရင်းဆွဲတာ။ တချို့ကျတော့ လယ်ရေသွင်းသွားရင်းမတ်တတ် ဆွဲပစ်တာ” ဟု ၎င်းက ဆိုသည်။

နတ်မောက်မြို့နယ်မှ ကျေးရွာများတွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးမှုများ သင်္ကြန်အပြီးကတည်းက ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ဆယ်နှင့်ချီ ဖမ်းဆီးခံရသူများအနက်မှ အသက် ၁၈ နှစ်အောက်နှင့် ၄၈ နှစ်အထက် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုကိုမူ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားသည်။ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား စစ်ပြင်နေသည့် ပဲခူးတိုင်းတွင်လည်း စစ်သားစုဆောင်းရန် ဖမ်းဆီးမှုများရှိနေသည်။

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ပေါ်ဒေသ ကျွန်းကုန်းရွာမှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဧပြီလက ရေတာရှည်မြို့သို့ သွားစဉ် လမ်းမှာပင် ဖမ်းဆီးခံလိုက်ရသည်။ မုဆိုးဖို ထိုအမျိုးသားဖမ်းဆီးခံရပြီးနောက် အသက် ၅ နှစ်အရွယ် သားဖြစ်သူမှာ စောင့်ရှောက်သူမဲ့သွားပြီး ပတ်ဝန်းကျင်က ကြည့်ရှုစောင့်ရှောက်ပေးနေရသည်ဟု ဒေသခံများက ဆိုသည်။

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်၊ နတ်တလင်း၊ သဲကုန်း မြို့နယ်တို့တွင်လည်း စစ်သားစုဆောင်းမှုများကို နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။ ပေါင်းတည်မြို့နယ်တွင် စစ်သင်တန်း ဒုတိယအသုတ်အတွက် အယောက် ၄၀ ကျော် ခေါ်ယူသွားပြီး ရပ်ကွက်က မဲနှိုက်ရွေးချယ်ထားသူများ၊ နာမည်စာရင်းပါပြီးသူများကို ခေါ်ဆောင်ရုံသာမက အမည်စာရင်းမပါသူများကိုပါ ဖမ်းဆီးခေါ်ဆောင်နေသည်ဟု NUG လက်အောက်ခံ အမှတ် ၃၆၀၁ တပ်ရင်းမှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု ကောင်းသည့် မြို့နယ်များတွင် စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာသော်လည်း မြို့နယ်တချို့ရှိ စစ်ကောင်စီနယ်မြေ စိုးမိုးထားရာ မြို့ပေါ်ရပ်ကွက်များတွင် ဖမ်းဆီးမှုများ အဆက်မပြတ်ရှိနေသည်။

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း စစ်ရေးလှုပ်ရှားမှုများကို ကိုင်တွယ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာနှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ရေဦးမြို့နယ်တွင် စစ်တပ်က ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးကျေးရွာများတွင် မတ်လကုန်ပိုင်းမှစတင်ကာ ဖမ်းဆီးမှုများ ပေါ်ပေါက်လာသည်။

ရေဦးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ ရွှေပြည်သာ၊ အောင်ဆန်း ရပ်ကွက်များနှင့် မြို့အနီးရှိ ရေဦးကုန်းရွာမှ အမျိုးသား ၈၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ရေဦးအခြေစိုက် လှုပ်ရှားသည့် People Comrade Force မှ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။ စစ်မှုထမ်းရန် အဓမ္မစုဆောင်းထားသည့် အမျိုးသားများကို ရေဦးမြို့ အမှတ် (၁) အထက်တန်းကျောင်းတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း သူက ဆိုသည်။

“(စစ်မှုထမ်းရန်အမည်) စာရင်းထဲမှာ ပါတဲ့ လူငယ်တွေတော်တော်များများက ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာများတယ်” ဟု ကိုထူးခန့်ဇော်က ဆိုသည်။ “ဖမ်းဆီးတဲ့အချိန်မှာ စစ်မှုထမ်းဖို့ စာရင်းထဲမှာ ပါတဲ့ လူငယ်တွေ အိမ်မှာမရှိရင်တောင် မိသားစုဝင်တစ်ယောက်ယောက်ကို ဖမ်းဆီးတယ်။ အခုနောက်ပိုင်း လေးလပိုင်း၊ ငါးလပိုင်းကစပြီး နေ့ရောညရော ယောကျာ်းလေးမှန်သမျှ ဖမ်းတယ်” အဖမ်းအဆီးများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကမူ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအကြောင်း စုံစမ်းမေးမြန်းနိုင်သည်ဟု ကြေညာထားသည်။ စစ်မှုထမ်းရန်အတွက် ဖမ်းဆီးသည်ဟူသော သတင်းများမှာ မှားယွင်းနေသည်ဟု မေ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ တပ်သားသစ် စုဆောင်းခံရသူများထံမှ ငွေတောင်းသည်ဟူသော သတင်းမှာလည်း မှားယွင်းကြောင်း မေ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အတင်းအကျပ်စစ်မှုထမ်းရန် စစ်သားစုဆောင်းမှုမှာ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် စစ်ကိုင်းတိုင်းနှင့် အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိပါ ပျံ့နှံ့ရိုက်ခတ်လာသည်။ လေရှီးမြို့နယ်တွင် မတ်လကုန်ပိုင်းက လူငယ် ၂၁ ဦး ဖမ်းဆီးခံရပြီးနောက် ရပ်ရွာဒေသခံအဖွဲ့များ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ပြန်လွှတ်ပေးခဲ့သော်လည်း စစ်မှုထမ်းရန် ဖိအားပေး ခြိမ်းခြောက်မှုများ ဆက်တိုက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုနှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သက်ဆိုင်ရာက အသက်အပိုင်းအခြားပါတဲ့သူတွေကို နာမည်နဲ့တကွ ဖောင်ဖြည့်ရမယ်၊ လျှောက်လွှာဖြည့်ရမယ်။ ဒီတစ်သုတ်မဟုတ်လည်း နောက်တစ်သုတ်ပါရမယ်ဆိုတာကို မထမ်းဆောင်လို့မရဘူး။ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ဖောင်ဖြည့်ဖို့ ပြောတယ်။ လူငယ်တွေက မဖြည့်ချင်ကြဘူး။” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

“ကျွန်တော်တို့ဆီမှာ လူငယ်ဆိုတာ မရှိသလောက်ကို ဖြစ်သွားပြီ။ မြို့ပေါ်မှာ လူငယ်တွေ တိတ်ဆိတ်ပြီးနေတယ်” စစ်ထဲဝင်ရန် ထိတ်လန့်သည့် ရာနှင့်ချီသည့် လူငယ်များမှာ အိုးအိမ်စွန့်ခွာပြီး အိန္ဒိယနယ်စပ်အထိ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သူက ဆိုသည်။ အချိန်မရွေးဖမ်းဆီးမှုကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်ရေး နှောင့်နှေးကာ စိုးရွံ့စိတ်ဖြင့် သွားလာလှုပ်ရှားနေကြရသည်ဟု ” မြို့သစ်မြို့ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(လူငယ်တွေ) ရွာထဲမှာ သိပ်မအိပ်ရဲကြဘူး။ ဟိုဘက်ရွာ၊ ဒီဘက်ရွာ ကူးလူးဆက်ဆံတာမျိုး၊ မြို့တွေကို အရောင်းအဝယ်ကိစ္စသွားတာမျိုး၊ ကုန်ပစ္စည်း သွားလာဝယ်ယူရောင်းချတာမျိုးတို့ လူငယ်တွေမှာတော့ လုံးဝကို မလုပ်ရဲတဲ့ အနေအထားရှိတယ်” ဟု သူက ဆိုသည်။ အတင်းအကျပ်လူသစ်စုဆောင်းနေသည့် စစ်တပ်၏ ရန်ကို ရှောင်တိမ်းလိုသည့် လူငယ်များအနက် အချို့က တော်လှန်ရေးအင်အားစုနှင့် ချိတ်ဆက်ပြီး ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်ကြသလို နိုင်ငံခြားသို့ ရရာနည်းလမ်းဖြင့် ထွက်ရန် ကြိုးပမ်းနေကြသူများလည်း ရှိနေသည်။

စစ်မှုမထမ်းလိုသည့် လူငယ်များကို ကူညီပေးနေသည့် NUG ၏ တယ်လီဂရမ်ချန်နယ်တွင် ဆက်သွယ်လာသူ တစ်သောင်းခွဲ နီးပါးရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧပြီ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် NUG ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ ပြည်ပထွက်ခွာသူနှင့် တော်လှန်ရေးအဖွဲ့ထံ ဝင်ရောက်သည့် လူငယ်များကြောင့် မြေပြင်တွင် စစ်မှုထမ်းရန် ခေါ်ယူရသည့်အခြေအနေမှာ များစွာအခက်ခဲရှိနေကြောင်း နေပြည်တော်မှ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ရပ်ကွက်ထဲ စာရင်းပါတဲ့သူတွေကလည်း ထွက်ပြေးတာရှိတယ်၊ ပထမအသုတ်ပါတဲ့သူတွေကလည်း ပို့ပြီးပြီ၊ ခုထပ်တောင်းတော့ မရှိတော့ဘူး။ ညဘက် ကျွန်တော်တို့ရပ်ကွက်ထဲက တွေ့ရင် ဆွဲသာသွားတော့ဆိုပြီး ပြောလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။ “အဝေးရောက် ပြန်ခေါ်ဖို့ကလည်း ဥပဒေနဲ့ တင်းကျပ်ပြီး ပြန်မခေါ်ရင် မလွယ်ဘူး၊ နောက်ပိုင်းအပတ်စဉ်တွေဆို လူခေါ်ဖို့က ပိုခက်ခဲဖို့ပဲရှိတယ်”

နေပြည်တော်ရှိ ရပ်ကွက်တစ်ခုတွင် စစ်မှုထမ်းရန် အကျုံးဝင်သူ ၃၀ ကျော်ရှိပြီး မှတ်ပုံတင်စာရင်းသွင်းချိန် ၁၃ ဦး ထွက်ပြေးပြီး ကျန် ၁၀ ဦးမှာ နေပြည်တော်ပြင်ပတွင် အလုပ်လုပ်နေသူများဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူက ပြောသည်။ လက်နက်ကိုင်ခုခံမှုများ စတင်ပြီး သုံးနှစ်ကျော်အကြာတွင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှသည် တောင်ဘက်အစွန် ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်းပါမကျန် နေရာအနှံ့ စစ်မျက်နှာဖွင့်နေရသည်။

စခန်းကုန်းများ တစ်ခုပြီးတစ်ခုလက်လွှတ်ထားရပြီး တပ်ဖွဲ့ဝင် အင်အားအလုံးအရင်းဖြင့် လက်နက်ချခြင်း၊ ထွက်ပြေးခြင်းတို့ဖြင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် အင်အားပြန်လည်ဖြည့်တင်းရန်အတွက် ယခင်စစ်ဗိုလ်ချုပ်များလက်ထက်က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလတွင် အသက်သွင်းလိုက်သည်။ ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ အထိ အမျိုးသမီးများ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမည်ဖြစ်ပြီး ထိုသတ်မှတ်ချက်နှင့် အကျုံးဝင်သူ ၁၄ သန်းရှိသည်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းပြီး အမြန်ဆုံးစတင်အကောင်အထည်ဖော်ရန် စိုင်းပြင်းခဲ့သည်။ အပတ်စဉ် ၁ ခုလျှင် လူဦးရေ ၅၀၀၀ နှုန်းဖြင့် ဧပြီလတွင် စတင်ခေါ်ယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်ခဲ့သော်လည်း ပထမအပတ်စဉ်ကို သက်မှတ်ရက်ထက် စောပြီး ခေါ်ယူခဲ့သည်။

စစ်မှုထမ်း ပထမအသုတ်ခေါ်ယူရာတွင် ကိုယ်တိုင်ဆန္ဒပြုသူများကိုသာ ခေါ်ယူသည်ဟု စစ်တပ်က ဝါဒဖြန့်ခဲ့သော်လည်း မဲနှိုက်ရွေးချယ်ခြင်းနှင့် အတင်းအကျပ်ခေါ်ယူခြင်း ပိုမိုများပြားကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) က ဆိုသည်။ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရာတွင် ပစ်မှတ်ထားခံရနိုင်သည့် အုပ်စုများ၊ ဒေသများနှင့် ပြည်သူများ၏ တုံ့ပြန်မှုကို လေ့လာဖော်ပြသည့် အစီရင်ခံစာတစ်စောင်ကို ဧပြီ ဒုတိယပတ်တွင် BACS က ထုတ်ပြန်လိုက်သည်။ BACS အစီရင်ခံစာအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် နည်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာရန် ကြိုးစားနေကြသည့် လူငယ် ၁ သိန်းထက်မနည်းရှိနေသည်။

ပထမအသုတ်အဖြစ် စစ်သားစုဆောင်းခဲ့သည့် လူဦးရေ ၅၀၀၀ တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်မှ အသက် ၂၄ မှ ၃၀ ကြား လူငယ်များ အများဆုံးပါဝင်သည်ဟု ထိုအစီရင်ခံစာက ဆိုသည်။ ပထမအသုတ် စစ်သင်တန်းကို မတ်လကုန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဒုတိယအသုတ်အတွက် လူသစ်စုဆောင်းမှုများကို ဧပြီလဆန်းပိုင်းကတည်းက တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာသည်။ ဒုတိယအသုတ်အတွက် စစ်သားစုဆောင်းရာတွင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းမှ မြို့နယ်တချို့၊ နေပြည်တော် စသည့်နေရာများမှ လူငယ်များကိုပါ ပစ်မှတ်ထားခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed