August 22, 2023 | Tongsan Media Group ||

မျက်ကွယ်မှာ တရားရုံးက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရှောင်ရှားဖို့ ၂၀၀၈ ခုနှစ် ကတည်းက ပြည်ပကို ထွက်ခွာသွားခဲ့တဲ့ သက်ဆင်ဟာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ဘန်ကောက်မြို့မှာရှိတဲ့ ဒွန်မောင်း လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။ ထိုင်းရဲတပ်ဖွဲ့က သက်ဆင်ဟာ ထိုင်းကို ပြန်ရောက်တာနဲ့ ဖမ်းဆီးခံရပြီး ထောင်ထဲကို အပို့ခံရမှာ ဖြစ်တယ်လို့ ကြိုတင် ကြေညာထားပြီးသားပါ။

အသက် ၇၄ နှစ်အရွယ် ထိုင်းဝန်ကြီးချုပ်ဟာ လေဆိပ်ရှေ့မှာ သူ့ကို လာရောက် စောင့်ကြိုနေသူတွေနဲ့ မီဒီယာတွေကို ခဏတဖြုတ် နှုတ်ဆက်ခဲ့ပေမယ့် စကားတော့ မပြောခဲ့ပါဘူး။ အဲဒီနောက် ရဲတွေက သက်ဆင်ကို လေဆိပ်ကနေ တရားရုံးချုပ်ဆီ ခြံရံ ခေါ်ဆောင်သွားပြီး အဲဒီမှာ စီရင်ချက် ချမှတ်ရေး ကိစ္စကို တရားဝင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် သက်ဆင်ဟာ ဘန်ကောက်မှာရှိတဲ့ ရာမန် အကျဉ်းထောင်ကြီးဆီ ဆက်လက် သွားရောက်ခဲ့ပါတယ်။

ထိုင်းအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက သက်ဆင်ကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တဲ့ ရလဒ်အရ အကျဉ်းခန်းထဲမှာ နေထိုင်ဖို့ လုံလောက်တဲ့ ကျန်းမာရေး ကောင်းမွန်မှု မရှိသေးတဲ့အတွက် နောက်ထပ် ၁၀ ရက်ထက်မနည်း အကျဉ်းထောင်ရဲ့ ကုသဆောင်မှာပဲ နေထိုင်ရမယ်လို့ ပြောပါတယ်။ သက်ဆင်ဟာ အသက်ရနေပြီ ဖြစ်သလို နာတာရှည် ရောဂါတွေကြောင့် အဆုတ်နဲ့ နှလုံးမှာ ထိခိုက်မှုတွေ ရှိထားတယ်လို့ အကျဉ်းထောင်ဖက်က ထုတ်ပြန်ပါတယ်။ သက်ဆင်ဟာ သူနောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဖျူထိုင်းပါတီ (PTP)က ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းဖို့အတွက် ထိုင်းဝန်ကြီးချုပ်သစ် တစ်ဦးကို တင်မြှောက်မယ့် နေ့မှာပဲ ဘန်ကောက်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။

PTPဟာ ကွန်ဆာဗေးတစ်တွေနဲ့ ညှိနှိုင်းရာမှာ သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ထည့်သွင်း ဆွေးနွေးခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်း ဖယ်ရှားမှုကို ခံခဲ့ရပြီး တရားရုံးမှာ ရာဇဝတ်ကြောင်း စွဲချက်တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သက်ဆင်ကတော့ သူဟာ ဘယ်လို အပြစ်မျိုးမှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုပြီး စွဲချက်အားလုံးဟာ နိုင်ငံရေးအရ ထိုးနှက်မှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သက်ဆင်ဟာ ပြည်ပကို ရောက်ရှိနေချိန် ၁၅ နှစ်အတွင်း ထိုင်းကို ပြန်လာချင်ကြောင်း မကြာခဏ ပြောဆိုခဲ့ဖူးပေမယ့် အခုမှသာ လက်တွေ့ အထမြောက်လာတာ ဖြစ်ပါတယ်။ သူ့မိသားစုကတော့ သက်ဆင်ရဲ့ အပြန်ခရီးကို ကြိုဆိုသူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပေမယ့် သက်ဆင် အကျဉ်းချခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှ မှတ်ချက်မပေးသေးဘဲ နှုတ်ဆိတ်နေဆဲလို့ သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ Pheu Thai ပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး ခုချိန်ထိလည်း ပါတီအနေနဲ့ သူ့ရဲ့ သြဝါဒ ညွှန်ကြားချက်တွေကို လိုက်နာနေတုန်းပဲလို့ ပါတီဝင်တွေက ပြောဆိုထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed