၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီလ ၁ ရက်နေ့၊ စစ်တပ်အာဏာသိမ်းတဲ့နေ့ကစပြီး ၂ နှစ်ခွဲကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ဖြစ်စေဖို့ စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေရဲ့ထောက်ခံမှု အများဆုံးရရှိပြီး ၇၈ နှစ်အရွယ်ရှိလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံရေးအရ ဆက်လက်ရပ်တည်နိုင်ဖို့ ကြားခံလူတစ်ဦးအဖြစ် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေး အကျဥ်းသားတဦးရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ ချိုးဖောက်နေသလို နေရာထိုင်ခင်း၊အစားအသောက်နဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးတာကြောင့် လက်ရှိ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး၊ အသက်အန္တရာယ်နဲ့ ပတ်သက်တဲ့ကိစ္စ တစုံတရာဖြစ်ပေါ်လာပါက စစ်ကောင်စီအနေနဲ့ အပြည့်အ၀တာ၀န်ယူရမယ်လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေတွေကို ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေ၊ ပြည်တွင်း၊ ပြည်ပက တော်လှန်ရေးအင်အားစုတွေကလည်း အခုထက်ပိုပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဥ်းသားတွေအားလုံးအပေါ် ပိုမို၀န်းရံပေးကြဖို့ NLD က တောင်းဆိုထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed