နေပြည်တော်ဝန်ကြီးဌာနများ၌ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းနေပြီဆိုသော သတင်းများသည် အချိန်ကိုက် ဝါဒဖြန့်မှုဖြစ်ပြီး မတည်ငြိမ်သေးသည့် ရခိုင်၊ ချင်းနှင့် စစ်ကိုင်းရှိ အချို့မြို့နယ်များတွင်သာ လုံခြုံရေးအရ ဆောင်ရွက်နေခြင်းများရှိဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၁၆ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရခိုင်ပြည်နယ် ပေါက်တောမြို့တို့တွင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ တပ်မတော်က ဆောင်ရွက်နေမှု အခြေအနေများအား ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့မှာ နေပြည်တော်မှာရှိတဲ့ ဝန်ကြီးဌာနတွေမှာ လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းနေပြီဆိုတဲ့ဟာမျိုးတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့စည်းနေတယ်ဆိုတဲ့ဟာမျိုးတွေ ထွက်လာတာ ရှိပါတယ်။ ဒါဟာ အချိန်ကိုက် ဝါဒဖြန့်မှုသာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဒီလိုမျိုးရှိနေတယ်ဆိုတာ နေပြည်တော်မှာ ရှိနေတဲ့လူတွေကို အားလုံးမေးမြန်းစုံစမ်းလို့ရတယ်။ ဒီမှာ ဌာနဆိုင်ရာများ သူ့လုပ်ငန်းသူ အရှိန်မပြတ် လုပ်ဆောင်နေတယ်။ ပြည်သူလူထု သူ့လုပ်ငန်းသူ အရှိန်မပြတ် လုပ်ဆောင်နေတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးပြကြီး အများစုမှာ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ မတည်ငြိမ်သေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက အချို့မြို့နယ်တွေ၊ ရခိုင် ပြည်နယ် က အချို့မြို့နယ်တွေ၊ ချင်းပြည်နယ်ထဲက အချို့မြို့နယ်တွေမှာပဲ ဒါတွေ ရှိတယ်လို့ လုံခြုံရေးအရ ဆောင်ရွက်နေတာရှိတယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ် အရှေ့မြောက်ဘက် နမ့်ခမ်း၊ တားမိုးညဲနှင့် ဟိုပန်တို့တွင် MNDAA နှင့် TNLA အဖွဲ့များက လုံခြုံရေးတပ်စခန်းများအား Drop Bomb များ လာချခဲ့ခြင်း ရှိခဲ့ကြောင်းနှင့် လောက်ကိုင်းအနီး၌ ချင်းရွှေဟော်အထွက်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီအပြန်အလှန် ပစ်ခတ်မှုသည် မြီရှောက်ချန်းတို့ တရားခံ သုံးဦးကို တရုတ်နိုင်ငံဘက် မလွှဲပြောင်းခင်လေးမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ လွိုင်ကော်မှာတော့ အကျဉ်းထောင်နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ ရန်သူ အကျအဆုံးရှိစွာနဲ့ ပြန်လည် ဆုတ်ခွာသွားတယ်။ မိုးဗြဲနဲ့ ဒီမော့ဆိုဘက်မှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဒုန်းညို ရဲစခန်း၊ ဒုန်းညိုရဲစခန်းကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် BP 46 ရဲ့ အရှေ့ဘက် ခနောင်းဆိပ်ရဲ့ မြောက်ဘက်မှာရှိတာ ဖြစ်ပါတယ်။ အဲဒီမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရန်သူ ဆုတ်ခွာသွားပါတယ်။ ပေါက်တောမှာတော့ ပေါက်တောနယ်မြေရဲစခန်းကို AA အဖွဲ့ ဝင်ရောက်ခဲ့တာ ရှိတယ်။ ပြီးရင် သူတို့ ဝါဒဖြန့်တာရှိတယ်၊ ပေါက်တောတစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်တာရှိတယ်” ဟု ပြောကြားသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ မှ လုံခြုံရေးအဖွဲ့များသည် နိုဝင်ဘာ ၁၆ ရက် နေလည်ပိုင်းတွင် ပေါက်တောသို့ ရောက်ရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များ ပေါက်တောသို့ ရောက်ရှိချိန်တွင် ရန်သူများ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် ပေါက်တောအား ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed