ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့သို့ သံချပ်ကာကား ၃စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား TNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကား တစ်စီးသိမ်းဆည်းရမိခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။ ယနေ့(နိုဝင်ဘာ ၉ရက်)၊ မနက်အစောပိုင်းတွင် နောင်ချိုမြို့၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီထံမှ သံချပ်ကာကားတစ်စီးကို သိမ်းဆည်းရမိခဲ့ခြင်းလည်းဖြစ်သည်။

“နောင်ချိုမြို့နယ်မှာ MDY PDF တပ်ဖွဲ့နဲ့ ပူပေါင်းပြီး သံချပ်ကာ ကား ၃ စီး နဲ့ ထိုးစစ်ဆင်လာတဲ့ စကစကို တိုက်ခိုက် ခဲ့တယ်။ သံချပ်ကာ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်။ ၁၀၂၇ စစ်ဆင်ရေးနေ့ကစ မနေ့ကအထိ စကစနဲ့ တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပြီးတော့ စစ်တပ်က ဂျက်လေယာဉ်နဲ့ ၃၆ ကြိမ်၊ လက်နက်ကြီး အကြိမ် ၉၀ကျောက်ပစ်ခတ်ခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချင်းမရှိတဲ့ ကျေးရွာတွေကိုလည်း ပေါင် ၅၀၀ ဗုံးနဲ့ ၂ကြိမ်ပစ်ခတ်ခဲ့တယ် ” ဟု ‌ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်တွင်လည်း နမ့်ခမ်းမြို့တွင်းရှိ မြို့လယ်ဘုရား၌ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး၊ စစ်သားနှင့် ပြည်သူ့စစ် ၁၇ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် မှ လက်ရှိအချိန်ထိ TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ နောင်ချို၊ လားရိူး၊ ကွတ်ခိုင်၊ မိုးကုတ်၊ မူဆယ်၊ သိန္နီ၊ နမ့်ခမ်း၊ နမ္မတူနှင့် မန်တုံမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ၃၁ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း သိရသည်။

“အခုလောလောဆယ်က မြို့ထဲမှာ TNLA တပ်ဖွဲ့က ပြည့်နေတယ်။ မြို့အတွင်းမှာ ခြောက်ကပ်နေပြီ။ အသွားအလာ သိပ်မရှိဘူး။ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရုံးတွေကိုလည်း ဝင်းစီးကုန်တယ်။ ဘာမှမရှိဘူး။ ညပိုင်းတော့ ဒရုန်းတွေနဲ့ လာပစ်တယ်။ ဘယ်ဘက်ကပစ်တာလဲတော့ ကျတော်လည်း မသိဘူး” ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲများပြင်းထန်မှုကြောင့် နမ့်ခမ်းမြို့ရှိ ဒေသခံအချို့သည် တရုတ်ပြည်ဘက်ရှိ ရှမ်းရွာတစ်ရွာသို့ သွားရောက်ခိုလှုံမှု များရှိပြီး၊ အချို့သည် မူဆယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်းသိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA အပါအဝင်၊ တော်လှန်ရေးပူးပေါင်းတပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အောက်တိုဘာ ၂၇ရက်မှ စတင်ကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ၊ စစ်စခန်းပေါင်း ၁၄၀ နီးပါး သိမ်းပိုက်နိုင်ခဲ့ပြီး၊ သံချပ်ကာကား ၈ စီးအပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ အထက်ပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများကြောင့် ကလေးငယ်များအပါအ ဝင် ပြည်သူ ၁၂ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed