အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက အိန္ဒယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ( Free Movement Regime – FMR) ဖျက်သိမ်းဖို့ စီစဉ်နေတာကို ဆန့်ကျင်ကြောင်း Zo Reunification Organization – ZORO ဦးဆောင်မှုဖြင့် နယ်စပ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို လာမယ့် မေလ ၁၆ ရက်မှာ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ အိန္ဒိယ-မြန်မာ နယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ခေါထာရ်ကျေးရွာ နဲ့ ဗာဖိုင် ကျေးရွာတို့မှာ ပြုလုပ်သွား မယ်လို့သိရပါတယ်။ အဲဒီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု ကိစ္စနဲ့ ပက်သက်ပြီး Network for Unity Association Mizoram – NUA အထွေထွေအတွင်းရေးမှူး Pu Zoa က “ကျနော်တို့ ချင်းနဲ့ မီဇိုးတွေအားလုံးက ညီအကိုတွေဖြစ်တယ်။ ချင်းပြည် နယ် နဲ့ အိန္ဒိယ မီဇိုရမ်ပြည်နယ်ကခေတ်အဆက်ဆက် ကူးလူးဆက်ဆံပြီးတော့ စီးပွားရေး လုပ်လာတယ်၊ ရွေ့ပြောင်းမှုတွေလုပ်လာတယ်။FMR ကို ဖျက်သိမ်းမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် အများ ကြီးဒုက္ခရောက်နိုင်တယ်” လို့ ပြောပါတယ်။

“ချင်းပြည်နယ်ရဲ့ဒေသ တော်တော်များများမှာ ချမ်းသာသွားတဲ့ လူတွေ၊ စီးပွားရေးလုပ်တဲ့ လူတွေက မီဇိုရမ်နဲ့ အများကြီး ဆက်စပ်မှုရှိတယ်။တကယ်လို့ တော်လှန်ရေးကာလမှာ FMR သာမရှိရင် စစ်ဘေးရှောင်တွေကိစ္စ ကော၊ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ကော ၊ဆေးဝါးကိစ္စမှာကော ဒုက္ခရောက်သွားနိုင် တယ်။ အဲ့တာကြောင့် မီဇိုး ချင်းလူမျိုးများနဲ့ ဗမာပြည်က ချင်းလူမျိုးတွေဟာ တစ်ခြံဝန်းထဲရှိတယ်၊ စည်းလုံး ညီညွတ်တယ် ဆိုတာကို ပြတဲ့ အနေနဲ့ ဒီဆန္ဒဖော်ထုတ်မှုမှာ ချင်းလူမျိုးအားလုံးပါဝင်သင့်သလို ပါဝင်ဖို့လည်းတောင်းဆိုချင်ပါတယ်” လို့ Pu Zoa က ဆက်ပြောပါတယ်။

ယခုလို FMR ကိစ္စ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှာကို မီဇိုရမ်ပြည်နယ် အစိုးရကလည်း ထောက်ခံထားပြီး ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ က ဗဟိုအစိုးရဆီကို FMR ဖျက်သိမ်းမှာ မလိုလား တဲ့အကြောင်း ပြောကြားမှာဖြစ်သလို မီဇိုရမ်အတွင်းရှိ NGOများ၊ CSO အဖွဲ့အစည်းများကလည်း ကိုယ့်အပိုင်း ကိုလုပ်ကာ အားလုံးစည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

ယခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်တဲ့ ZORO အဖွဲ့ဟာ ဗြိတိသျှအစိုးရရဲ့ နယ်မြေပိုင်းခြားမှု ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံမှာရှိတဲ့ ချင်း (ဇို) လူမျိုးများ ပြန်လည်ပေါင်းစည်းပြီး အုပ်ချုပ် မှုတစ်ခုအောက်မှာ ပြန်လည်နေထိုင်နိုင်ဖို့ လိုလားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed