ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီရဟတ်ယာဥ်ကို ယနေ့(​မေ ၆) ပစ်ချခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ပြောရေးဆိုခွင့်ရှိသူ ရဲဘော် လောရင်စိုးက ပြောသည်။

“ပျက်ကျတဲ့နေရာက ဝေးတယ်။ ပွန်ချောင်းအရှေ့ဘက်လောက်မှာ၊​ ဘော်လခဲနားကပ်သွားတာပေါ့။ MI 2 ထင်တယ်။ MI 2 (တိုက်ခိုက်ရေးရဟတ်ယာဥ်)လို့ပြောတယ်” ဟု ကလလတ၏ တွဲဖက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ရဲဘော်လောရင်စိုးက ပြောသည်။

ယနေ့ (​မေလ ၆ ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီ ရဟတ်ယာဥ်ကို ကရင်နီတပ်ပေါင်းစုများမှ ပွိုင့် (၈)မောင်းပြန် နှစ်လက်ဖြင့် ပစ်ချခဲ့ရာ ရဟတ်ယာဉ်မှာ ဘော်လခဲမြို့နယ်အတွင်းပျက်ကျခဲ့သည်ဟု KNPLF က အသိ​ပေးထားသည်။ အဆိုပါ စစ်ကောင်စီရဟတ်ယာဥ်ပျက်ကျမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှစ်ဦး၊ ပိုင်းလော့ဗိုလ်တစ်ဦး၊ အခြားအဆင့် လေးဦး စုစုပေါင်း ၇ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ရဲဘော်လောရင်စိုးက အတည်ပြုသည်။

“တိုက်ခိုက်ရေးယာဥ်ပဲဗျ။ ဖားဆောင်းမှာ ဒဏ်ရာရလူနာတွေ လာသယ်တာလား၊ အရာရှိတွေ လာပြန်သယ်သွားတာလား၊ အဲဒါတော့ အတိအကျမသိဘူး” ဟု ၎င်းက ဆိုသည်။ ပျက်ကျသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းအကာအကွယ်ယူကာ ရဟတ်ယာဥ်အပျက်အစီးများ၊ စစ်ကောင်စီအလောင်းများ၊ ဒဏ်ရာရသူများကို ရှင်းလင်းသယ်ဆောင်သွားကြောင်း ရဲဘော်လောရင်စိုးက ရှင်းပြသည်။ ယနေ့ ပျက်ကျသော MI 2 တိုက်ခိုက်ရေးရဟတ်ယာဥ်မှာ ပိုလန်နိုင်ငံထုတ်ဖြစ်ပြီး ပိုင်းလော့တစ်ဦးတည်းမောင်းဖြစ်ကာ ရဟတ်ယာဥ်ပေါ် ၈ ဦး သို့မဟုတ် ၁၀ ဦး တင်ဆောင်နိုင်ကြောင်း သိရသည်။

ရဟတ်ယာဥ်ပစ်ချခဲ့မှုနှင့်ပတ်သက်၍ KNPLF ဗျူဟာ (၁)က ထုတ်ပြန်​သော ၂ မိနစ် ၈ စက္ကန့်ကြာ​သည့် ရုပ်သံမှတ်တမ်းတွင် ရဲ​ဘော်များက ပွိုင့် ၈ ​မောင်းပြန်​သေနတ်များဖြင့် ပစ်ခတ်​နေသည်ကို ​တွေ့ရသည်။ သို့​သော် ရုပ်သံမှတ်တမ်းတွင် ရဟတ်ယာဥ်ပျက်ကျခဲ့သည်ကိုမူ မ​တွေ့ရ​ပေ။ ဖားဆောင်း PDF တာဝန်ရှိသူက “ရဟတ်ယာဥ်တစ်စီးကျပါတယ်။၂ စီးလာတာတစ်စီးပစ်နိုင်ခဲ့တာပါ။ ပျက်ကျတဲ့ရဟတ်ယာဥ်ကို ကျွန်တော်တို့ ကပ်မရအောင် ဂျက်ဖိုက်တာ နှစ်စီးနဲ့ဝန်းရံထားတယ်”ဟု ပြောသည်။

အဆိုပါရဟတ်ယာဥ်သည် ကရင်နီဒေသ ဖားဆောင်းမြို့တွင် ​နောက်ဆုံးကျန်​နေ​သည့် ခလရ(၁၃၄) နှင့် ခလရ (၁၃၅)သို့ စစ်ကူအဖြစ်လာ​ရောက်ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။ ပွန်ချောင်းအတိုင်း ဖားဆောင်းမြို့သို့လာသည့် ရဟတ်ယာဥ်တစ်စီးကို ကရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဗျူဟာ(၁) ပစ်ချခဲ့ခြင်းဟု လည်း ပြောသည်။

MI-2 ရဟတ်ယာဥ်များမှာ ရုရှားနှင့် ပိုလန်နိုင်ငံတို့မှ ထုတ်လုပ်သည်။၂၀၁၆ ဇွန် ၁၄ ရက်တွင် ရန်ကုန်-မန္တ​လေး အမြန်လမ်းမကြီး​ဘေးရှိ ပဲခူးတိုင်း ၊ဒိုက်ဦးမြို့နယ် တွင်ပျက်ကျခဲ့ဖူးပြီး ​လေယာဥ်​​မောင်းများ​သေဆုံးခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးတပ်များက ပစ်ချဖျက်ဆီးနိုင်ခဲ့​သော တိုက်​လေယာဥ် ၊ရဟတ်ယာဥ် စုစု​ပေါင်း ၈ စီး ရှိလာပြီး ၊ကရင်နီတပ်​ပေါင်းစုက ၃ စီးပစ်ချထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed