September 3, 2023 || Tongsan Media Group ||

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ညောင်လေးပင်ခရိုင်၊ မုန်း၊ ကျောက်ကြီးဒေသတွင် ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိဖြစ်ပွားခဲ့သည့် လေး ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူအများစုသည် ၎င်းတို့၏ စစ်ကောင်တပ်က ပစ်ခတ်သည့်လက်နက်ကြီးနှင့် ‌လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်ထိမှန်၍ သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

မုန်းဒေသ၊ ကျောက်ကြီးမြို့နယ်၊ အုတ်ဖြတ်၊ ကညင်ကျ၊ သမန်းကျင်း၊ ကြက်တက် ညောင်ပင်ဧရိယာအတွင်း ဩဂုတ်လ ၂၉ ရက် နှင့် ၃၀ ရက်နေ့များတွင် KNLA၊ PDF ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီ ခလရ ၅၉၈ တပ်ရင်း၊ ပျူစောထီးစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ ထိတွေတိုက်ပွဲတွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ တပ်တွင်းသတင်းများအရ မှားယွင်း၍ ဗုံးကြဲတိုက်ခိုက် မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

“လက်ရှိ ဒီဘက်(မုန်းဒေသ)မှာတိုက်ပွဲ ရက်ဆက်သွားတာက စစ်ကောင်စီရဲ့ နယ်မြေ ရှင်းလင်း ရေးလုပ်ဆောင်မှုကြောင့် ထိတွေ့မှုဖြစ်ကြတာပါ။ နောက်ပြီးတော့ သူတို့ (စစ်ကောင်စီတပ်) အသေအပျောက်များတာကြောင့် ဆက်ပြီးစစ်ကြောင်းထိုးလာတဲ့ သဘောပါ။ အသေအပျောက်များတာကလည်း မြေပြင်ထိတွေ့မှုကြောင့် အဲ့ဒီလောက် သေတာမဟုတ်ဘူး။ သူတို့လေယာဉ်ချတာရော၊ သူတို့ရဲ့လက်နက်ကြီးတွေ ထိတာရောကနေ ၈၀ ကျော်သွားတာ။ ထိခိုက်သေဆုံးစာရင်းက သေချာပါတယ်။ ဖရဲသီး သတင်းတွေရော မြေပြင်သတင်းတွေရောစုပေါင်းပြီးမှ ပြောတာပါ” ဟု အထူးကွန်မန်ဒို တပ်ရင်း၊ ရိုးမစစ်ကြောင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့နှင့်စက်တင်ဘာလ ၁ ရက်နေ့များတွင်လည်း မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီစခန်းနှင့် ‌ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ အထိုင် စခန်းဖြစ်သည့် သစ်ချဆိပ်စခန်းကုန်း၊ အုတ်ဖြတ်၊ ကညင်ကျ၊ သဖန်းကုန်း၊ ကြက်တက်ညောင်ပင်တို့တွင် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ကတော့ ရောက်ရှိနေတဲ့ဧရိယာမှာ ရအောင် တိုက်မယ်၊ ထိုးဖောက်မှာပါပဲ။ ပြည်သူကိုအ‌ခြေခံတဲ့အတွက် ပြည်သူထိခိုက်မှု အနည်းဆုံး ဖြစ်အောင် တက်နိုင်သလောက်ကြိုးစားနေကြပါတယ်။ စစ်ရေးအရကတော့ ကျွန်တော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ ညီညီညွတ်ညွတ်နဲ့လက်တွဲသွားနိုင်ပါ တယ်။ အခုဆိုလဲပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက တအားကို အားတက်စရာ ကောင်းပါ တယ်။ အချိန်နဲ့အမျှ လိုအပ်တာကိုဝန်းရံပေးတဲ့အတွက် ကျွန်တော်‌ တို့ပူးပေါင်း အဖွဲ့တွေအနေနဲ့လဲ ကျေးဇူးတင်ပါတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေးရက်တာ တိုက်ပွဲများအတွင်း အထူးကွန်မန်ဒိုတပ်ရင်းမှာ ရဲဘော်ဆဲဗင်း၊ နွေဦးစစ်သည်တော်များ စစ်ကြောင်းမှ တပ်စုမှူး တက်တူးနှင့် တပ်သားဂျက် တို့ သုံး ဦးကျဆုံးခဲ့ရပြီး တော်လှန်ရေးရဲဘော် ၁၀ ဦးနှင့် အထက်ဒဏ်ရာရရှိကာ ရိုးမစစ်ကြောင်း -၂ မှ တပ်စိတ်မှူးတစ်ဦး ခြေတစ်ဖက်မိုင်းနင်းမိကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ကွန်မန်ဒိုပြောင်း ၂ လက်၊ စက်လက် ၁ လက်၊ သေနတ် ၁၉ လက်၊ ကျည်ဘောက်များ၊ MAကျည်များ၊ ၄၀ မမ ဗုံးသီးများ၊ စက်လက်ကျည်များ၊ လက်ပစ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်း ရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီတပ်နှင့် အဆိုပါ ထိတွေ့တိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်းများ၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း-၂ ၊ နွေဦးစစ်သည်တော်များစစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်ဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed