ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ CNDF တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်နေပြည်သူ (၉၀) ရာခိုင်နှုန်းခန့်မှာ မြို့ကိုစွန်ခွါ၍ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်ဟု သိရသည်။ ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ၂၇ ရက်နေ့အထိ ၃ ရက်ခန့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၄ ဦးဒဏ်ရာရရှိကာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သည်။

ယခုလက်ရှိ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသောကြောင့် မြို့လူဦးရေ၏ ၉၀ ရာခိုင် နှုန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖလမ်းမြို့ဒေသ ခံတစ်ဦးကပြောသည်။

“ မြို့ထဲမှာ တော်တော်လေးနည်းသွားပြီးမရှိသလောက်ဖြစ်နေကြပြီ။ (၉၀) ရာခိုင်နှုန်း တော့ထွက်သွားပြီ ၊အခြေအနေ တွေက ဘာမှ ခန့်မှန်းလို့မရတဲ့အခါကျတော့ ဘာပဲဖြစ် ဖြစ် အတွင်းအပြင်စိုးရိမ်နေရတယ်၊ အတွင်းက စစ်တပ်ဖက်က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူ ပစ်ခတ်တဲ့အခါကျတော့မနေရဲတာနဲ့ အပြင်ကလူတွေလည်း ဝင်ရင် ကြောက်နေရ တယ်လေ၊ မြို့ထဲမှာက ညအိပ်ရင်တောင် နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဘူးလေ။ စစ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ဘယ်သူမှ မသိဘူးလေ စိုးရမ်နေရတာ။” ဟု ဖလမ်းမြို့မှ ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

လူဦးရေ တစ်သောင်းဝန်းကျင်နေထိုင်ကြသည့် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအများစုသည် ဖလမ်းမြို့အနီးအနား ကျေးရွာများ၊ ဟားခါးမြို့၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ ဖလမ်းမြို့မှာ ပြည်သူအနည်းစုမှာ နေအိမ်ကြည့်ရှုရန်အတွက်သာ ကျန်ခဲ့ကြသူများ ဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF တပ်ဖွဲ့သည် ချင်းညီနောင် ၏ စစ်ရေးဦးဆောင်မှုနှင့်အတူ ဖလမ်းမြို့ပြန်လည်ရရှိရေးအတွက် Mission Jerusalem(MJ) စစ်ဆင်ရေးကို ဖော် ဆောင်နေပြီဟု သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed