August 12, 2023 || Tongsan Media Group ||

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်ဖြစ်သည့် ခလရ(၂၆၈) တပ်ရင်းဌာနချုပ်ကို ယနေ့နံနက်အစောပိုင်းက ချင်းပူးပေါင်းတပ်က လက်နက်တိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၆ဦး သေဆုံး ပြီး ပွိုင့်ဖိုက်စက်သေနတ်အပါအဝင် လက်နက်ကြီးလက်နက်ငယ် ၁၀လက်ကျော်သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“သန်းခေါင်ကျော် ၁နာရီခန့်မှာ ခလရ (၂၆၈)ဖလမ်း တပ်ကုန်းကို ကျနော်တို့ ဝင်စီးခဲ့ရာအဲဒီမှာ ကျနော်တို့ ဂိတ်နှစ်ခုကိုဖြတ်ပြီး ဝင်စီးပြီးတော့ သူတို့လက်နက်သိုလှောင်ထားတဲ့ လက်နက်တိုက် အဲဒီအထဲထဲထိ ကျနော်တို့ဝင်တယ်။ အဲဒီမှာ လက်နက် ၁၀လက်ကျော် ကျနော်တို့သိမ်းဆည်းရမိတယ်။ အဲဒီမှာရှိသမျှပေါ့”ဟု ဆလိုင်းထက်နီက ပြော ကြားသည်။အဆိုပါတပ်ရင်း အနေအထားကို လေ့လာပြီး ယနေ့ (ဩဂုတ် ၁၂ရက်)နံနက်အစောအချိန်၌ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ဘက်က CDF-KKGက ရဲဘော်တစ်ယောက်ကျဆုံးပြီးသူတို့ ဘက်က ၆ယောက်ကျပြီးတော့ ၉ယောက်ဒဏ်ရာရရှိတယ်လို့ နောက်ဆုံးဝင်လာတဲ့ အထဲက သတင်းအရ ကျနော်တို့ သိရတာပေါ့။ အဲဒီမှာ ၁၁နာရီခန့်မှာတော့ ကျနော်တို့တွေရှိနေနိုင်တယ်ထင်တဲ့နေရာ လက်နက်ကြီး ဂျက်ဖိုက်တာတွေနဲ့ ပစ်တယ်။ အဲဒီမှာ ပြည်သူအချို့ အသေအပျောက် သုံးယောက်လောက်ရှိတယ်။ ပြီးတော့ ၆ယောက်၊ ၇ယောက်လောက် သူတို့ ဒဏ်ရာရရှိတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် လက်နက်တိုက်၌ သိမ်းဆည်းထားသည့် လက်နက်များအနက် ပွိုင့်ဖိုက် စက်သေနတ် တစ်လက်၊ ငါးကြင်းမြီး စက်သေနတ် တစ်လက်၊ လက်နက်ကြီး (၆၀) မမ သုံးလက်၊ RPG နှစ်လက်၊ လက်နက်ငယ် လေးလက် စုစုပေါင်း လက်နက် ၁၁လက်နှင့် ပွိုင့်ဖိုက်ကျည်များ အပါအဝင် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့သည်ဟု ပြောသည်။ တပ်ရင်းဌာနချုပ်အတွင်း ဝင်ရောက်တိုက်ခိုက်မှု အခြေအနေ အကျဉ်းကိုလည်း ဆလိုင်းထက်နီက ရှင်းပြသည်။

“ပထမဆုံးဂိတ်ကို ပထမဆုံးဝင်စီးတယ်။ ဒုတိယဂိတ်ကိုလည်း ဝင်စီးပြန်တယ်။ အဲဒီမှာ သူတို့က ခံပစ်တယ်။လျှပ်တပြတ်ဆိုပေမယ့် ၂နာရီ နီးပါးကြာတာပေါ့” ဟု ၎င်းက ပြောသည်။ ထို့နောက် လက်နက်တိုက်ကို ဝင်စီးကာ လက်နက်များ ယူဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာနှင့် ဝေးကွာသည့် ဖလမ်းမြို့နယ် ရမ်ထလိုရွာကို လေကြောင်း က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများထိခိုက်ခဲ့သည်။

ယခုနှစ် ဧပြီအတွင်းကလည်း ဖလမ်းမြို့နယ် ဗားရ်စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က စခန်းသိမ်းတိုက်ခိုက်ရာ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲအများအပြားသေဆုံးပြီး ကျန်နေသူများကို သုံ့ပမ်းအဖြစ် ဖမ်းဆီးသွားသည်။ လက်နက်ခဲယမ်းများစွာကိုလည်း CNDFက သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစဉ်ကလည်း စစ်ကောင်စီတပ်က ရမ်ထလိုရွာနှင့် ဝေဘူလမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၉ဦးသေဆုံးကာ ဒဏ်ရာရသူများရှိခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed