တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ပွိုင့် ၁၀၂၀ခြေကုပ်စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း KNLA နှင့် PDF ပူးပေါင်းထားသည့် Black Cobra Column က ယနေ့(မေ ၁၂)အသိပေးထုတ်ပြန်သည်။ Black Cobra ပူးပေါင်းစစ်ကြောင်းက ဧပြီ ၃၀ ရက်မှစ၍ ဖြတ်တောက်ပိတ်ဆို့ထားသော စစ်‌‌ကောင်စီ၏ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းကုန်းအား မေလ ၁၁ ရက်နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ ပွိုင့် ၁၀၂၀ စခန်းကုန်းတွင် ဘုတ်ပြင်းမြို့အခြေစိုက် စကခ(၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ ခမရ(၅၅၉)နှင့် ခမရ(၄၃၂)တပ်တို့ပူးပေါင်းအထိုင်ချထားခြင်းဖြစ်ပြီး ယင်းစခန်းမကျ‌စေရေး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း စတင်တိုက်ခိုက်ပြီး ၁၂ရက်အကြာတွင် အထိနာနေသော စစ်ကောင်စီတပ်သားများက စခန်းကုန်းကို စွန့် ခွာထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါစခန်းကုန်းအား နယ်မြေရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအ‌ဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စခန်းအတွင်း စစ်ကောင်စီ ရုပ်အလောင်းများမြှုပ် နှံထားသော မြေကျင်းများကိုလည်း တွေ့ရှိခဲ့ရသည်ဟု ဖော်ပြသည်။ “မြေကျင်းလေးခု တွေ့ပါတယ်။ အလောင်းအရေအတွက်ကတော့ မိုင်းကြောင့် မဖော်ရသေးပါဘူး”ဟု Black Cobra Column မှ တာ ဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိုသို့ စခန်းကုန်းအားစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပူးပေါင်းစစ်ကြောင်းက လိုက်လံရှင်းလင်းလျက်ရှိပြီး စစ်ကူလာသော စစ်ကြောင်းများကိုလည်း ဖြတ်တောက်တိုက်ခိုက်နေဆဲဖြစ် ကြောင်း Black Cobra Column က အသိပေးသည်။ “ကျနော်တို့ ဆက်လက်ဖြတ်တောက်နေတုန်းပါ”ဟု စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အများပြည်သူခရီးသွားလာရေးတွင် အတား အဆီးဖြစ်နေသော စစ်ကောင်စီ၏ ပွိုင့် ၁၀၂၀ တောင်ကုန်းစခန်းအား ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်ရှင်းလင်းခဲ့ပြီးဖြစ်ရာ အဆိုပါစခန်းသို့ စစ်ကူလာသော စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းများကိုလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်သောကြောင့် မြိတ်- ဘုတ်ပြင်းလမ်းပိုင်းကို အသုံးပြုခရီး သွားလာကြသော ပြည်သူများအနေဖြင့် အ ထူးသတိပြုသွားလာကြရန် မေတ္တာရပ်ခံထားသည်။

အထက်ပါ ဘုတ်ပြင်းနယ်ရှိ စစ်ကောင်စီ၏ ပွိုင့် ၁၀၂၀ စခန်း စခန်းသိမ်းတိုက်ပွဲကို KNLA-PDF ပူးပေါင်းထား‌သော Black Cobra Column နှင့်အတူ Beik Province People Defense Force၊ Black Cobra Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ပူး‌ပေါင်းစစ်‌ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed