စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာက မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို ဇွန်လ ၃ ရက် မနက် ၈ နာရီ ၁၅ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ သုံးဆယ်ခန့်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး တစ်လုံးက မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ဒီမနက် ၁၀ နာရီ၀န်းကျင်အထိ မျက်မြင်တွေ့ရှိချက်အရ ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရထားသူတွေထဲက သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတောရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၈ နာရီ ၁၅ မိနစ်မှာ ဗုံးချသွားတာ မင်္ဂလာဆောင် အခမ်းအနား တည့်တည့်ကို ချသွားတယ်။ အသေအပျောက်ကတော့ အများကြီးပဲ။ ပြည်သူတွေပဲသေတာဗျ။ သေဆုံးက လောလောဆယ် နှစ်ဆယ်ကျော်သွားပြီဗျ။ အလောင်းတွေက အကုန် ပြတ်ထွက်ကုန်တယ်။ သူတို့ (စစ်ကောင်စီတပ်) က လက်နက်ကြီးနဲ့လည်း လှမ်းပစ်နေတဲ့အခါကျတော့ အလောင်းတွေ သွားမကောက်ရဲသေးဘူး။ တောက်လျှောက်တရစပ် လက်နက်ကြီးနဲ့ပစ်နေတာ”

လေကြောင်းနဲ့ ဗုံးကြဲအပြီး စစ်ကောင်စီတပ်က မင်းကင်း ဘိုးဘွားရိပ်သာတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ရုပ်အလောင်းတွေ ကောက်ချိန်မရဘဲ အိမ်ခြေတစ်ရာကျော်ရှိတဲ့ မတောရွာအပါအဝင် အနီးအနား ရွာခြောက်ရွာက ဒေသခံနှစ်ထောင်ကျော် နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မင်္ဂလာဆောင်က သတို့သမီးဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ဖြစ်တာကြောင့် မင်္ဂလာဆောင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် မင်္ဂဆောင်က သတို့သားနဲ့သတို့သမီးတို့ ထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအာင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦးအထိ ရှိခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed