ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အင်အားလာဖြည့်သည့် စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ချင်းကာကွယ်ရေးတပ် (CDF- Matupi) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၂ ဦးသေဆုံး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF မတူပီတပ်ရင်း ၂ မှ တာဝန်ရှိသူက ယနေ့ (အောက်တိုဘာ ၂၈ရက်)တွင် သတင်းထုတ်ပြန်သည်။

“CDF ထိန်းချုပ်နယ်မြေဖြစ်တဲ့ ငလိုင်ကျေးရွာမှာ မတူပီခရိုင်ရုံးနဲ့ဆို တစ်မိုင်တောင် မဝေးဘူး မိုင်တစ်ဝက်ပဲ ဝေးမယ်။ စစ်ကောင်စီတွေဘက်က အင်အားတိုးချဲ့လာလို့ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ CDF မတူပီဘက်က ထိခိုက်မှုမရှိပါ” ဟု CDF Matupi Battalion-2 မှ တာဝန်ရှိသူက ပြောကြားသည်။

” အင်းအား ၇၀၊ ၈၀ခန့်လောက်ရှိပါတယ်။ အဲ့ဒါကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ကျတော်တို့ ရှေ့မှာတင် ၂ဦးကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေကတော့ ၅ဦးကျော်မယ်။ ၁နာရီလောက်ကြာတော့ လူနာတင်ကားတွေ လာပြီး သယ်သွားကြတယ်” ဟု ချင်းကာကွယ်ရေးတပ်(မတူပီ)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက Tongsan Media သို့ ပြောသည်။

မတူပီ-ဟားခါးလမ်းပိုင်းတွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူများ လက်နက်ကိုင်ဆောင်ခြင်း၊ အမဲလိုက်ခြင်းများ မပြုလုပ်ရန် CDF မတူပီ တပ်ရင်း ၂ က အထူးသတိပေးချက် ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် မတူပီမြို့ပေါ်၌ အင်အား၄၀၀ခန့်ဖြင့် ခလရ၁၄၀၊ ခလရ၃၀၄ အပါအဝင် နေရာ၅နေရာခန့်တွင် အထိုင်ချတပ်စွဲထားသည်ဟု သိရသည်။ လက်ရှိတွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်(မတူပီ)အကြား စစ်ရေးတင်းမာနေပြီး၊ အချိန်မရွေးထိတွေ့ တိုက်ပွဲများဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် မတူပီမြို့တွင်းသို့ အဝင်အထွက်မပြုလုပ်ကြရန် CDF (မတူပီ)က ထုတ်ပြန်ထားသည်။

“အဓိကကတော့ မတူပီကနေ ရေဇွာမြို့ကို သွားနိုင်သလို၊ မတူပီ-ပလက်ဝလမ်းမပေါ်က ထယ်ဘွေစခန်းကိုလည်း၊ ဦးတည်နိုင်တဲ့အတွက်ကြောင့် အဲလမ်းကြောင်းပေါ်ရှိတဲ့ ပြည်သူများအနေနဲ့ ကျတော်တို့ CDF- Matupiက ညွန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးဖို့လိုလိမ့်မယ်။ မျက်စိဖွင့် နားစွင့်ကြပါလို့ ပြောချင်တယ်”ဟု နိုင်ဂျွန်ကိမ်းက ဆက်ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ၆ရက်နေ့ကလည်း၊ ခလရ-၁၄၀တပ်ရင်းမှ အင်အား၈၀ခန့်ဖြင့် ဟားခါး-မတူပီလမ်းပေါ်သို့ စစ်ကြောင်းထိုးလာစဥ် CDF (မတူပီ)က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed