September 3, 2023 || Tongsan Media Group ||

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)အဖွဲ့မှ နုတ်ထွက်ပြီး သီးခြားတပ်ဖွဲ့တခုဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့-MADAYA The Authentic Genes Force (MDA-AGF)အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့ ဦးစီးအဖွဲ့ဝင် ကိုဒေါင်းလမ်းက ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် NUG လက်အောက်ခံ မြို့နယ်ပ.က.ဖ အဖြစ် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၀ ရက်နေမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့အထိ နှစ်နှစ်ကျော် တာဝန်ယူခဲ့ပြီး ပြင်ဦးလွင်ခရိုင်မှ အဖွဲ့ဝင်သုံးဦးအား မတ္တရာမြို့နယ် ပ.က.ဖအဖွဲ့တွင် အစားထိုးခန့်အပ်ခြင်းပြုလုပ်သောကြောင့် နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြို့နယ် ပ.က.ဖ အဖြစ် နှစ်နှစ်ကြာတာဝန်ယူစဉ်ကာလအတွင်း ၎င်းတို့အနေဖြင့် စစ်ဆင်ရေး ၇၅ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၉ ဦးတိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကာ လက်နက် ၄ လက်နှင့် ကျည်မျိုးစုံ ၁၃၀၀ ကျော် ရယူ သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း ကိုဒေါင်းလမ်းက ပြောသည်။ ၎င်းက “ ဒီကိစ္စက အကွဲအပြဲဖြစ်ကြတာ မဟုတ်ဘူး။ နားလည်မှုလွဲတာကနေ ပွတ်တိုက်မှုတွေဖြစ်လာတာပေါ့၊ ဒီလိုပွတ်တိုက်မှုတွေကနေပဲ မြို့နယ်မှာ ပိုပြီးအားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လတ်တလောသီးခြားရပ်တည်မည့် မတ္တရာမျိုးမှန်တပ်ဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက နာယကအနေဖြင့် ဦးဆောင်မည်ဖြစ်ပြီး လက်ရှိဖွဲ့စည်းထားသည့်တပ်ရင်းအပြင် နောက်ထပ် တပ်ရင်း တရင်း ထပ်မံဖွဲ့စည်းနိုင်ရေးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပ.က.ဖ အဖြစ်က နုတ်ထွက်ကာ သီးခြားအနေဖြင့် ရပ်တည်လှုပ်ရှားသွားမည်ဖြစ်သော်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ လမ်းစဉ်အတိုင်း စစ်ရေးမျှော်မှန်းချက်၊ လမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မတ္တရာမျိုးမှန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed