မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားရာလမ်းခုလတ်တနေရာတွင် အမောဆို့၍ သေဆုံးသွားသူ ‌ချင်း (Zomi) လူငယ် CDM ဆရာဝန် ခွါလ်ရှန်းတုန်၏ ရုပ်အလောင်းအား မွေးရပ်ဇာတိသို့ သယ်ဆောင်နိုင်ခြင်းမရှိဘဲ ကရင်ပြည်နယ်ရှိ ရွာတစ်ရွာတွင် April 15, 2024 နေ့ သဂြိုလ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဉပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းဆောင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ရေးအချက်အလက်များကောက်ခံခြင်းရှိလာ‌သောကြောင့် ဒေါက်တာ ခွါလ်ရှန်းတုန်သည် မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန် သွားနေစဉ် ဧပြီလ ၁၃ ရက်နေ့က ကရင်ပြည်နယ်တနေရာတွင် အမောဆို့၍ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သူ၏ ရုပ်အလောင်းကို မွေးရပ်ဇာတိသို့ ပြန်လည်သယ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ကရင်ပြည်နယ်က ရွာတစ်ရွာတွင် ယနေ့ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်လိုက်ကြသည်ဟု နီးစပ်သူတစ်ဦး ကပြောသည်။

“ စစ်တပ်က စစ်မှုထမ်းဖို့စာရင်းတွေကောက်တာတွေရှိတော့၊ စိုးရိမ်လို့ တိမ်းရှောင်ဖို့ မြေပြင်လမ်းကနေ မလေးရှားသွားဖို့ လောလောနဲ့ ထွက်ခဲ့ရတာ၊ အဲမှာ ‌ခြေလျင်နဲ့သွားတာများတဲ့ပုံပဲ သူကအရမ်းပင်ပန်း တယ်လို့ သူနဲ့သွားတဲ့သူတွေဆီက ကြားတာ၊ သူ့အလောင်းက ကရင်ပြည်နယ်တစ်နေရာမှာ၊ သူက CDM ဆိုတော့ အလောင်း ပြန်သယ်ဖို့လဲမဖြစ်ဘူး။ ကရင်ပြည်နယ် ရွာတစ်ရွာမှာ သဂြိုလ်လိုက်ကြတယ်” ဟု အဆိုပါနီးစပ်သူတစ်ဦးက ပြောသည်။

ကွယ်လွန်သွားသူ ဒေါက်တာ ခွါလ်ရှန်းတုန်(ခေါ်)ဒေါက်တာတူတုန်းသည် ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ ဆိုင်ပီးမွာလ် ဇာတိ ဖြစ်ပြီး စစ်တပ်အာဏာမသိမ်းမီက ခွဲစိတ်အထူးကုပထမနှစ်တက်ရောက်ခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် သည့်အနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအပြင်းအထန်ဖြစ်ပွားသည့်အချိန်တုန်းကလည်း ဒေါက်တာ ခွါလ်ရှန်းတုန်သည် ကိုဗစ်ကူးစက်ခံလူနာများအား အိမ်တိုင်ရာရောက် သွားရောက် ကုသပေးနေသူဖြစ်ပြီး Medical Evangelism အဖြစ် အသင်းတော်အတွက် ပါဝင်ဆက်ကပ်ခဲ့ဖူးသူဟု သိရသည်။

အသက် ၃၂ နှစ်အရွယ်သာရှိသေးသည့် ဒေါက်တာ ခွါလ်ရှန်းတုန် ၂၀၀၈ ခုနှစ်တွင် ကလေးမြို့ကနေ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမှတ် (၂)ရန်ကုန် ဆေးတက္ကသိုလ် ကနေ ဆရာဝန်ဘွဲ့ရကာ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်အထိ မော်လမြိုင်၊ သန်လျင် စသည့်ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

See Translation

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed