ကရင်နီ(ကယား) ပြည်နယ်၊ မိုးဗြဲမြို့ ၁၁.၁၁ စစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ အချက်အချာကျသည့် ပင်မတောင်ကုန်းနှင့် စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ကြောင်း မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ယနေ့ အသိပေးထုတ်ပြန်သည်။ မိုးဗြဲနှင့် ဖယ်ခုံဒေသများအတွင်း အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁)တပ်ရင်းများဖြစ်ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၂၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) ခုခံတော်လှန် ရေးအင်အားစုများ ပါဝင်သော မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ရက်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

မိုးဗြဲ, ဖယ်ခုံဒေသများ အတွင်းရှိ စစ်ကောင်စီ ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြသည်။ ထိုအပြင် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊နှင့် စည်ကား၂ ကျေးရွာဒေသများအတွင်း တပ်စွဲထားသောခြေကုပ် စခန်း (၈)ခုအား ကနဦး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြိမ်ရေ ၅၀၀ကျော်ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်လာရောက်ပစ်ကူပေးခဲ့ရာ အရပ်သား လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။ မိုးဗြဲနယ်တွင် တစ်နှစ်ကျော်ကြာ စက်တော်ရာတောင်ကုန်းတွင်နေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ(၅၁၈) တပ်ကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။ အဆိုပါ စက်တော်ရာတောင်ကုန်းသည် စစ်ကောင်စီ၏ ပင်မစစ်ရေးအချက်အချာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆ကြိမ် ပြုလုပ်ခဲ့ကြောင်း မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F)က ဆိုသည်။ “မိုးဗြဲမြို့ကို အလုံးစုံရတာမျိုးတော့ မဟုတ်သေးဘူး။ဒါပေမယ့် အခြေအနေကောင်းတစ်ခု ဖန်တီးထားနိုင်တယ်။လက်ရှိလည်း တိုက်ပွဲကဆက်ရှိနေတုန်းပဲ”ဟု ကရင်နီပူးပေါင်းတပ်မှ တာဝန်ရှိသူက ပြောသည်။

မိုးဗြဲနှင့် ဖယ်ခုံဒေသအတွင်းရှိ စစ်ကောင်စီတပ်သားများသည် လက်နက်ခဲယမ်းများအား စွန့်ပြေးကာ ထွက်ပြေးတိမ်းရှောင်ကြသောကြောင့် မဟာမိတ်တော်လှန်ရေးအင်အားစုများက နယ်မြေ ရှင်းလင်းရေးနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့အတွင်း အချိန်မရွေးထိတွေ့မှုများ ဖြစ်နိုင်သောကြောင့် ဘေးလွတ်ရာတိမ်းရှောင်ရန် တိုက်တွန်းထားသည်။ထို့အပြင် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးထိန်းသိမ်းထားမှု အသေးစိတ်အခြေအနေများကို စစ်ဆင်ရေး ပြီးဆုံးသည့်အချိန်တွင် ထပ်မံထုတ်ပြန်ပေးမည်ဟုလည်း အသိပေးထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed