August 3, 2023 || Tongsan Media Group ||

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး ယမန်နေ့က တစ်နေကုန်နီးပါးကြာပြင်းထန်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)ကယနေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။ TNLA တပ်မဟာ(၁) စစ်ဒေသ၊ မူဆယ်မြို့နယ်၊စယ်လန့်ကျေးရွာအုပ်စု၊နားထမ်နှင့် ဂေါင်ရာကျေးရွာအနီးတွင် ယမန်နေ့ (သြဂုတ် ၂ရက်)က နံနက် ၁၀နာရီမှ ညနေ ၄နာရီခွဲအထိ တိုက်ပွဲဖြစ်ခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံ တပ်မ(၉၉) ခမရ-(၄၂၀)၊ စကခ(၂) ခလရ – (၂၆၁)(၄၂၁)နှင့် နမ့်ခမ်းမြို့မပြည်သူ့စစ်တို့ ပူးပေါင်းပြီး TNLA ရှိရာသို့ထိုးစစ်ဆင်လာ၍တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ် အကျအဆုံးများ၍ ပြန် လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ဘက်မှ ၁၀ဦးသေ၊ ၁၃ ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်ထံမှ RPG တစ်လက်၊RPG-7 ဗုံးသီး ၂၀လုံး၊MA-1 တစ်လက်၊ AK-81 တစ်လက်၊ (၆၀) မမ ထောင့် တစ်ခု ၊ (၈၁)မမ ထောင့် တစ်ခု၊ (၈၁)မမ ဗုံးသီး ၄၀လုံး၊ စက်လတ် တစ်လက်၊ကျည်ဆံ ၅,၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက် အများကို သိမ်း ဆည်းရမိခဲ့ကြောင်း TNLAက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြထားသည်။

ယမန်နေ့တိုက်ပွဲတွင် အရပ်သား တစ်ဦးသေဆုံးပြီးဆရာတော် တစ်ပါး အပါအဝင် အရပ်သား ငါးဦးဒဏ်ရာရခဲ့သည်ဟုမူဆယ်ဒေသခံက ပြောသည်။ မူဆယ်မြို့နယ်တွင် ဇူလိုင် ၂၃ရက်မှစ၍ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ခဲ့သည်။ အဆိုပါကာလမှ ယမန်နေ့အထိ TNLAနှင့်စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၉ကြိမ်ဖြစ်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၂၅ဦးသေဆုံးပြီး ၂၇ဦးဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ် ပြန်သည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲများဖြစ်ပွားရခြင်းမှာ TNLA တပ်ရှိရာသို့ထိုးစစ်ဆင်လာ၍ဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ တိုက်ပွဲအတွင်း TNLA ရဲဘော်အချို့ထိခိုက်မှု ရှိခဲ့သော်လည်း ယနေ့သတင်းထုတ်ပြန်ချက်တွင် TNLA ဘက်က ထိခိုက်ကျဆုံး အခြေအနေကိုဖော်ပြမထားပေ။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed