ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တစ်ခုလုံးကို ယနေ့ (ဒီဇင်ဘာ ၁၅) နံနက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထိန်းချုပ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ပြီးနောက် မူဆယ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီ လက်ကျန်ဗျူဟာကုန်းတပ်စခန်းကို ယနေ့ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။ ၁၀၅ မိုင် ရှိ ဒေသခံ အမျိုးသားတစ်ဦးကလည်း ယနေ့ နံနက်ပိုင်း တိုက်ပွဲများ ငြိမ်သက်နေကာ ဗျူဟာကုန်းတပ်စခန်းအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) အလံ လွှင့်ထူထားသည်ကို တွေ့ရကြောင်း ပြောသည်။

“မနေ့က ဂျက်လေယာဉ်နဲ့ ဗျူဟာကုန်းအနီးမှာ လာပစ်သွားတယ်။ တစ်ညလုံးလည်း တိုက်ပွဲပြင်းထန်နေတယ်။ ဒီမနက်တော့ ဗျူဟာကုန်းကို သိမ်းလိုက်ပြီးတော့ ၁၀၅ မိုင်ကို ထိန်းချုပ်လိုက်ပြီလို့ ကြားတယ်။ တိုက်ပွဲမှာ (ညီနောင်မဟာမိတ်) ၃ ဖွဲ့လုံး ပေါင်းပြီး တိုက်တယ်” လက်ရှိတွင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ညီနောင် ၃ ဖွဲ့က ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီး ဒေသခံအများစုက မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်‌နေကြကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပါဝင်သော ကျင်စန်းကျော့နယ်စပ်ဂိတ်ကို နိုဝင်ဘာလကုန်တွင် မြောက်ပိုင်းအဖွဲ့က ထိန်းချုပ်ခဲ့ပြီး ထိုဇုန်ရှိ နမ့်ပေါ်တံတား၊ ၁၀၅ မိုင် အဝင်တပ်စခန်းများကို ‌ဆက်လက် သိမ်းပိုက်ခဲ့ကာ နောက်ဆုံးကျန်သည့် ၁၀၅ မိုင် ဗျူဟာကုန်းတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် MNDAA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ် ကြူကုတ် (ပန်ဆိုင်း) မြို့နှင့် တစ်ဆက်တည်း တည်ရှိပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း နောက်ထပ် နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ လောင်းကစားဝိုင်းအများအပြားနှင့် တရုတ်နိုင်ငံက နှိမ်နင်းနေသော ကျားဖြန့်လုပ်ငန်း တည်ရှိနေသည့် မူဆယ်မြို့သည် ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်မည့် နယ်မြေတွင် ပါဝင်နေကြောင်း TNLA နှင့် နီးစပ်သူများထံမှ သိရသည်။

မူဆယ်မြို့နှင့်ကပ်လျက် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင်လည်း လက်ကျန် စခန်းသစ်စခန်းကုန်းကို TNLA က ရက်ပေါင်း ၂၀ ကျော်ကြာ စီးနင်းတိုက်ခိုက်နေပြီး စစ်တပ်ကလည်း လေကြောင်းမှ နေ့စဉ်ရက်ဆက် ပြန်လည်ခုခံနေသည်။ ထို့ပြင် တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင်လည်း ယမန်နေ့ညပိုင်း၌ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငွန်ဆိုင်းရပ်ကွက်ရှိ နေအိမ် ၃ လုံး မီးလောင်ပြီး ၁ ဦးဒဏ်ရာရရှိခဲ့သေးသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed