September 10, 2023 || Tongsan Media Group ||

မော်ရိုကို နိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ နာရီနဲ့အမျှ တိုးပွားလာနေပြီး အခုဆိုရင် ၂၀၀၀ ကျော်ထိ များပြားလာကြောင်း သိရပါတယ်။စက်တင်ဘာ ၈ ရက်က မော်ရိုကိုနိုင်ငံ အလယ်ပိုင်းက ရှေးမြို့ဟောင်း မာရာကက်ရှ်နားက တောင်တန်းဧရိယာ တခုကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာပါ။

ကနဦးက ငလျင်ကြောင့် လူ ၃၀၀ လောက် သေဆုံးတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ထပ် ၂၄ နာရီ အကြာမှာတော့ အသေအပျောက် စာရင်းက ၇ ဆလောက် တိုးလာတာ ဖြစ်ပါတယ်။ အလားတူပဲ ဒဏ်ရာရသူ အရေအတွက်ကလည်း ၂၀၀၀ ဝန်းကျင် ရှိနေပါတယ်။ အဲဒီထဲက ၁၄၀၀ လောက်ဟာ အခြေအနေ အရမ်းစိုးရိမ်ရတယ်လို့ ဆိုပါတယ်။

မော်ရိုကိုဘုရင် ဆဋ္ဌမ မိုဟာမက်က တစ်နိုင်ငံလုံးအဆင့် ဝမ်းနည်းကြေကွဲမှု ကာလကို သုံးရက်ကြာ သတ်မှတ်ကြောင်း ကြေညာပြီး နိုင်ငံအနှံ့မှာ အလံတွေကို တိုင်တစ်ဝက်ထိ နှိမ့်ချပြီး လွှင့်ထူထားစေပါတယ်။ ဘုရင်က ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရွက်ဖျင်တဲတွေ၊ စားနပ်ရိက္ခာတွေနဲ့ တခြားအထောက်အပံ့တွေ စီစဉ်ပေးဖို့လည်း အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေက ကြိုကြားကြိုကြား ဆက်လက် လှုပ်ခတ်နေတာကြောင့် ဒေသခံ တော်တော်များများဟာ အိမ်တွေထဲ ပြန်မဝင်ရဲဘဲ နှစ်ညဆက်တိုက် လမ်းပေါ်ထွက်ပြီး အချိန်ကုန်ခဲ့ကြရပါတယ်။ မာရာကက်ရှ် တောင်ပိုင်း ဧရိယာတွေဟာ ငလျင်ဒဏ်ကို အဆိုးဆုံး ခံစားခဲ့ရပြီး အသေအပျောက် အများဆုံး ကြုံခဲ့ပါတယ်။

မာရာကက်ရှ် မြို့ဟောင်းဖက်မှာလည်း အဆောက်အအုံတချို့ လုံးဝဥဿုံ ပြိုကျတဲ့ထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ ငလျင်ဟာ မာရာကက်ရှ်မြို့ အနောက်တောင်ဖက် ၇၁ ကီလိုမီတာအကွာ ဟိုက်အက်လက်စ် တောင်တန်းတွေပေါ် ဗဟိုပြုခဲ့ပြီး မြေတိမ်ငလျင် အမျိုးအစား ဖြစ်တဲ့အတွက် မြေမျက်နှာပြင်ပေါ် ထိခိုက်ပျက်စီးမှုတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။

ဒါဟာ မော်ရိုကို နိုင်ငံမှာတော့ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း လူအသေအပျောက် အများဆုံး ငလျင်အဖြစ် မှတ်တမ်း ဝင်လာပါတယ်။ အဲဒီတုန်းက အေဂါဒါမြို့နားမှာ ရစ်ချ်တာစကေး ၆.၇ ငလျင်ကြောင့် လူပေါင်း ၁၂၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။ မာရာကက်ရှ်နားက ငလျင်ဟာ မော်ရိုကို နိုင်ငံမှာ နှစ်ပေါင်း ၁၀၀ ကျော်လောက် ကာလအတွင်း ပြင်းအားအမြင့်ဆုံး လှုပ်ခတ်တဲ့ ငလျင်အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ကြောင်း သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed